မွန်ပြည်နယ်ဝန်ကြီးချုပ်က တနင်္လာနေ့တွင် သမ္မတထံ နုတ်ထွက်စာတင်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ရာထူးက နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်ကာ ထိုသို့ နုတ်ထွက်ရန်အတွက် တနင်္လာနေ့မှာ လုပ်ထုံးလုပ်နည်းအတိုက် ဆက်လုပ်သွားဖို့ရှိတယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက Frontier ကို အတည်ပြုပြောကြားပါတယ်။

ရာထူးက နုတ်ထွက်တော့မယ်လို့ ဦးမင်းမင်းဦးက သူရဲ့ Facebook စာမျက်နှာမှာ ယနေ့နံနက်ပိုင်းက ရေးသားထားကို တွေ့ရပါတယ်။

“နုတ်ထွက်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါဘဲ” ဟု ဦးမင်းမင်းဦးက ရေးသားထားပြီး အောက်မှာတော့ “မင်းမင်းဦး၊ ဝန်ကြီးချုပ်၊ မွန်ပြည်နယ်” လို့ ရေးသားထားပါတယ်။

ဒီလိုဝန်ကြီးချုပ် နုတ်ထွက်မှာကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က အတည်ပြုပါတယ်။

ဦးမင်းမင်းဦးအနေနဲ့ သူ့ရဲ့နုတ်ထွက်စာကို တနင်္လာနေ့မှာ သမ္မတထံ တင်မှာဖြစ်သလို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့၊ ပြည်နယ်လွှတ်တော်ကိုလည်း လုပ်ထုံးလုပ်နည်းတွေအတိုင်း အသိပေးသွားမှာဖြစ်တယ်လို့ ဦးစောအောင်မြင့်ခိုင်က Frontier ကို ပြောပါတယ်။

ဝန်ကြီးချုပ်အနေနဲ့ အလုပ်ဖိအားနဲ့ သူ့အပေါ် ဝေဖန် တိုင်ကြားမှုတွေရဲ့ ဖိအားတွေကို မခံနိုင်တော့တဲ့အတွက် နုတ်ထွက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်တဲ့ ဦးမင်းမင်းဦးကို NLD ပါတီဝင်တွေနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့နှစ်အတွင်းမှာ တိုင်ကြားမှုတွေ ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုမရှိဟုဆိုကာ မော်လမြိုင်မြို့နယ်မှ NLD ပါတီ ၄၀၀ ခန့်အပြင် လွှတ်တော် ကိုယ်စားလှယ်အချို့တို့က ပါတီဌာနချုပ်သို့ လက်မှတ်ရေးထိုး တိုင်တန်းခဲ့တာဖြစ်ပါတယ်။

တိုင်တန်းမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ခေါင်းဆောင်ပြီး အဖွဲ့ဝင် နှစ်ဦးပါတဲ့အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ ပါတီက ဖွဲ့စည်းပေးခဲ့ပါတယ်။

ဒါပေမယ့် ဒီအဖွဲ့က စုံစမ်းစစ်ဆေးမှုရလာဒ်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မသိရှိသေးဘူးလို့ ဦးစောအောင်မြင့်ခိုင်က ပြောပါတယ်။

ပါတီရဲ့ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ဦးဝင်းထိန်ဟာလည်း မော်လမြိုင်မြို့ကို ရောက်ရှိနေတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဦးမင်းမင်းဦးနုတ်ထွက်မှုဟာ ပါတီရဲ့ဆုံးဖြတ်ချက်နဲ့ သက်ဆိုင်ခြင်းရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

ဦးမင်းမင်းဦးဟာ အသက် ၄၆ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှ အင်ဂျင်နီယာ ဘွဲ့ရတဦးဖြစ်ကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအဖြစ် ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်ဟု ၎င်း၏ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားပါတယ်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar