မြောက်ဦးမြို့တွင် ယမန်နေ့ညက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်း၌ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ခုနစ်ဦး သေဆုံးခဲ့ရသည်ဟု ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ရေးသားထားသည်။
မြောက်ဦးမြို့တွင် နှစ်စဉ်ကျင်းပသည့် “ရခိုင်အချုပ်အချာအာဏာ ကျဆုံးသည့်နေ့” အခမ်းအနား ကျင်းပမှုကို အာဏာပိုင်များက တားမြစ်ခဲ့ပြီးနောက် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းဌာနအချို့က ရေးသားထားသည်။
“မြောက်ဦးမှာ ပြီးခဲ့တဲ့ညက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြောင့် ခုနစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးစိုးက အေအက်ဖ်ပီကို ပြောကြားသည်။
ခရိုင်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ လူအုပ်စုကြီးက ဝင်ရောက်ကာ ရခိုင်ပြည်နယ်အလံကို လွှင့်တင်ရန် တောင်းဆိုခဲ့ပြီးနောက် လူအုပ်စုကြီးက စတင်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက စွပ်စွဲခဲ့သည်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူစုခွဲခိုင်းပြီးတော့ ရာဘာကျည်ဆံတွေနဲ့ သတိပေး ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က မရပ်ဘူး။ အဲဒါနဲ့ ရဲတွေက ကျည်ဆံအစစ်တွေ သုံးခဲ့တယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။