မြောက်ပိုင်းမဟာမိတ်ကို အကြမ်းဖက်အဖွဲ့အဖြစ် လွှတ်တော်က သတ်မှတ်ပေးရန် တပ်မတော်တိုက်တွန်း

နေပြည်တော်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို စတင်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို အကြမ်းဖက်အဖွဲ့များအဖြစ် ပြည်သူ့လွှတ်တော်က သတ်မှတ်ပေးသင့်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောလိုက်ပါတယ်။

အဲဒီအဖွဲ့တွေဟာ အကြမ်းဖက်မှုကို ကျူးလွန်နေတာဖြစ်တဲ့အတွက် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ ကပေးအပ်နေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ရပ်ဆိုင်းဖို့ လွှတ်တော်က တိုက်တွန်းသင့်တယ်လို့ သူက ဆက်ပြောပါသေးတယ်။

“အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့ သေကြေဒဏ်ရာရစေခြင်း၊ စစ်ဖက်ပစ်မှတ်မဟုတ်တဲ့ အခြေခံအဆောက်အအုံများ၊ ယာဉ်များအား ဖျက်ဆီးခြင်း၊ ပြည်သူတို့ရဲ့ စီးပွားဥစ္စာပျက်စီးစေခြင်းတို့ကြောင့် အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်က သတ်မှတ်သင့်သည်ဟု ယူဆပါကြောင်း တင်ပြပါသည်”လို့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောလိုက်တာဖြစ်ပါတယ်။

နေပြည်တော်မှာ ယနေ့ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တင်သွင်းထားတဲ့ အဆိုတစ်ခုကို ဆွေးနွေးစဉ် ကာကွယ်ရေးဝန်ကြီးက အဲဒီလို ထည့်သွင်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ အနီးတစ်ဝိုက်မှာ နိုဝင်ဘာ ၂၀ ရက်နေ့က စတင်တဲ့ အဲဒီတိုက်ပွဲတွေကို မြောက်ပိုင်းမဟာမိတ်အဖြစ်ဖွဲ့စည်းထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပလောင် (တအာင်း) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)နဲ့ ရခိုင့်တပ်မတော် (AA)တို့က စတင်ခဲ့တာဖြစ်ပြီး ဒါဟာအစိုးရကို နိုင်ငံရေးအရ စီးပွားရေးအရ အကြပ်အတည်းတွေ့စေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောခဲ့ပါသေးတယ်။

“ဒီမိုကရေစီနည်းအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ မိမိတို့ရဲ့ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကတစ်ဆင့် တင်ပြဆောင်ရွက်နိုင်ခွင့်ကို လစ်လျူရှုပြီး နိုင်ငံတော်ကို တစ်နည်းအားဖြင့် ဒီမိုကရေစီစနစ်ကို လက်နက်စွဲကိုင် ဆန့်ကျင်တိုက်ခိုက်နေတဲ့အဖွဲ့များဖြစ်ပါတယ်”လို့ သူက သုံးသပ်ပြခဲ့ပါတယ်။

ပလောင် (တအာင်း) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)က ဗိုလ်မှူးကြီးတာဖုန်းကျော်ကတော့ တပ်မတော်ရဲ့ ပြောကြားချက်တွေကို ငြင်းဆိုပါတယ်။

“တိုက်ပွဲဖြစ်တော့ လူထုထိခိုက်နစ်နာမှုရှိတယ်ဆိုတာက အမှန်ပဲ။ ဘယ်သူက ထိခိုက်အောင် လုပ်နေတာလဲဆိုတာကတော့ သေချာဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မယ်”လို့ သူက Frontier ကိုပြောပါတယ်။

ဒ့ါအပြင် ဒီစစ်ဆင်ရေးဟာ စစ်ရေးအရ ဖိအားပေးခံနေရတာတွေကို ရှောင်လွှဲဖို့ လိုအပ်ချက်အရ မလွှဲမရှောင်သာ ဆောင်ရွက်ခဲ့ရတာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လမ်းကြောင်းကနေ သွေဖီဖို့မရှိဘူးလို့လည်း ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသေးတယ်။

“အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း လိုက်ပါနိုင်ဖို့ ကြိုးပမ်းနေပါတယ်”လို့ သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ အဲဒီတင်ပြချက်တွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ မှတ်ချက်ပေးခဲ့ဘဲ KIA၊ MNDAA၊ TNLA တို့ရဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူတို့အပေါ်သက်ရောက်မှု၊ အချုပ်အခြာအာဏာ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပေါ် ထိခိုက်စေမှုတို့ကို စိုးရိမ်ကြောင်း သဘောရတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မိထ္ထီလာအမတ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ အဆိုကို အတည်ပြု မပြုကိစ္စကိုပဲ ဆက်လက်ဆောင်ရွက်ခဲ့ပြီးနောက် လွှတ်တော်ကလည်း မှတ်တမ်းတင်ထားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာအောင် ဖြစ်ပွားနေဆဲဖြစ်တဲ့ အဲဒီတိုက်ပွဲတွေကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရဖက်က ထုတ်ပြန်ထားပါတယ်။ တပ်မတော်ဖက်က စာရင်းတွေမှာတော့ တိုက်ပွဲ စုစုပေါင်း အကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး မိုင်းနဲ့တိုက်ခိုက်ခံရမှု ကိုးကြိမ်လည်း ပါဝင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ရရှိတဲ့စာရင်းအရ တိုက်ခိုက်မှုတွေကြောင့် အစိုးရဘက်က တပ်မတော်သားသုံးဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ အရပ်သား ၁၁ ဦးနဲ့ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် မူဆယ်မြို့ပေါ်မှာ ယာယီကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ထားရပြီး လူပေါင်း ၃,၂၀၀ ကျော်၊ တရုတ်နိုင်ငံဖက်မှာ လူပေါင်း ၂၀,၀၀၀ ကျော်လောက် စစ်ဘေးကနေ ရှောင်ပြေးနေရတယ်လို့ တပ်မတော်ဖက်က ပြောပါတယ်။

ဒီဖြစ်စဉ်တွေကြောင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရာ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မော်တော်ယာဉ်တွေ နေ့စဉ် ဝင်ထွက်မှုနှုန်းဟာလည်း အလွန်အမင်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်အရ အဲဒီလမ်းကြောင်းမှာ နေ့စဉ်ကုန်တင်ကားကြီး ၄,၀၀၀ လောက်ဖြတ်သန်းနေရာကနေ အခုအချိန်မှာတော့ စီးရေ ၂၀၀ လောက်သာ ဝင်ထွက်မှုရှိတော့တယ်လို့ သိရပါတယ်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာနေထိုင်တဲ့ ကိုဇော်ထွန်းနိုင်ကတော့ “ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်နေချင်ပြီ”လို့ Frontier ကိုပြောပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar