မြို့သစ်စီမံကိန်းအတွက် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက်ကို တိုင်းအစိုးရ ထူထောင်

ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် ရန်ကုန်မြို့သစ်စီမံကိန်းကို စတင်ရန်အတွက် ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလိမိတက် (NYDC) ကို ဖွဲ့စည်းထူထောင်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ကြေညာလိုက်သည်။

ရန်ကုန်မြစ်အနောက်ဘက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့် အလုပ်အကိုင်များ တိုးတက်လာစေရန် ရည်ရွယ်ထားပြီး စီမံကိန်း တည်ဆောက်ပြီးစီးပါက ထိုဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်သည်ဟုဆိုသည်။

“ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် နှစ်သန်းဖန်တီးပေးပြီး ဒေသခံစီးပွားရေးလုပ်ငန်းများကို ထောက်ကူပေးခြင်းနှင့် နိုင်ငံတကာမှ စီးပွားရေးကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ ဤစီမံကိန်းမှ ကမ္ဘာ့အဆင့်မီ ရေရှည်တည်တံ့၍ စိတ်ချရသော အခြေခံအဆောက်အဦးနှင့် လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာများလည်း ပါဝင်ကြောင်း” ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေဖြင့် ဖွဲ့စည်းထူထောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရာနှုန်းပြည့်ပိုင်ဆိုင်သည်။ ကုမ္ပဏီကို ဒါရိုက်တာဘုတ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းသည် ကော်ပိုရေးရှင်း၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်သည်ဟု သိရသည်။ “နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် အကောင်းဆုံး လုပ်နည်းလုပ်ဟန်များအတိုင်း လိုက်နာဆောင်ရွက်ရန် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သောဒါရိုက်တာများ ပါဝင်မည်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥက္ကဌအဖြစ် တိုင်းဒေသကြီးအစိုးရ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောင်ရွက်မည်ဖြစ်ကာ ဒုတိယဥက္ကဋ္ဌအဖြစ် အမှုဆောင်အရာရှိချုပ်အဖြစ် ဦးသိန်းဝေ (ခေါ်) Serge Pun က ဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr George Yeo က လွတ်လပ်သည့် ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်သည်ကို တွေ့ရသည်။

“ရန်ကုန်မြို့သစ် တည်ဆောက်ရေးကို အခြေခံကနဦးအခြေအနေမှ အစပြုရသည့်အတွက် အုပ်ချုပ်မှုအဖွဲ့အနေဖြင့် မြို့သစ်အား လူမှုရေးသဟဇာတဖြစ်စေရန်၊ ကောင်းမွန်သောပတ်ဝန်းကျင်ရှိသည့် မြို့သစ်တစ်ခုဖြစ်ရန်နှင့် စီးပွားရေးအောင်မြင်ဖြစ်ထွန်းစေရန် မြူနီစီပါယ်အုပ်ချုပ်မှုအသစ်များဖြင့် စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ရန်ကုန်မြို့ဟောင်းနှင့် မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် ကိုက်ညီမှုရှိသည့် စံနမူနာကောင်းများကို ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Mr Yeo က ပြောကြားသည်။

ပါဝင်သက်ဆိုင်သူအားလုံးထံမှ ယုံကြည်မှုရရှိရေးအတွက် ပွင့်လင်းမြင်သာမှုရှိခြင်းက အရေးကြီးဆုံးဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

အမှုဆောင်အရာရှိချုပ် Serge Pun က “အလုပ်အကိုင်အခွင့်အလမ်း အသစ်များကြောင့် ကြီးမားလှသည့် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

“ဒါကြောင့် ကျွန်တော်တို့ရဲ့ မြေယာစီမံခန့်ခွဲမှုစနစ်၊ အလုပ်သမား မူဝါဒ၊ ပညာရေးမူဝါဒ၊ အစိုးရ၏ အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်နှင့် ဆက်စပ်သည့် စည်းမျဉ်းစည်းကမ်းများကို အစိုးရနှင့် နီးကပ်စွာ လုပ်ဆောင်သွားရန် မျှော်လင့်သည့်အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် မိတ်ဖက်များနှင့်လည်း လုပ်ငန်းများ အတူူတူလုပ်ဆောင်သွားရန် မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့သစ်တည်ဆောက်ရေး လုပ်ငန်းပထမအဆင့်နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံလုပ်ငန်းအတွက် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများတွင် ရွာမြို့နယ် ငါးခု၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်သည်။

ရန်ကုန်မြို့သစ်အား စွမ်းရည်ရှိခြင်း၊ ဂုဏ်သိက္ခရှိခြင်း၊ တာဝန်ခံမှုရှိခြင်း အစရှိသည့် စံနမူနာအချက်များကို ဖော်ဆောင်နိုင်ရန်နှင့် လုံခြုံပြီး သတင်းဆက်သွယ်ရေးနည်းပညာထွန်းကား၍ သန့်ရှင်းသော မြို့တစ်မြို့ ဖြစ်လာစေရန် မျှော်မှန်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြို့သစ်တည်ဆောက်ရာတွင် Public Private Partnership ပုံစံကို အသုံးပြုသွားမည်ဟုလည်း ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.