မြိုင်ကြီးငူရှိ စစ်ဘေးရှောင်ပြည်သူများအား နေရပ်မပြန်ရန် တားမြစ်ထား

ကရင်ပြည်နယ်၊ မဲသဝေါဒေသရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာများမှ စစ်ဘေး တိမ်းရှောင်လာကြသူများအား နေရပ်မပြန်ကြရန် တပ်မတော်က ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ကာ တားမြစ်ထားသည်ဟု သိရသည်။

“ကျွန်တော်တို့ ဒီနေ့စစ်ဘေးရှောင်ပြည်သူတွေဆီက ကြားရတာက ဒီနေ့သူတို့ ရွာတွေကို တက်သွားတော့ စစ်တပ်ကနေပြီးတော့ မသွားရတော့ကြောင်းနဲ့ ပြန်သွားဖို့ တားမြစ်တယ်လို့ ကျွန်တော်တို့ ကြားပါတယ်” ဟု မြိုင်ကြီးငူဒေသ စစ်ဘေးရှောင် ဒုက္ခသည်များ စီမံအုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသူ၊ ကျောင်းအုပ်ဆရာကြီး ဦးစိုင်းမျိုးညွန့်က ပြောကြားသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နယ်မြေဖြစ်သည့် မဲသဝေါတွင် စက်တင်ဘာ ၂ ရက်နေ့က စတင်ကာ အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့နှင့် ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ဖြစ်ရာအနီး ကျေးရွာပေါင်း ၂၀ မှ ဒေသခံများ စက်တင်ဘာ ၉ ရက်နေ့က စတင်ကာ ထွက်ပြေးလာကြခြင်းဖြစ်ကာ မြိုင်ကြီးငူဆရာတော် ဦးသုဇနက ကားအစီးရေ ၁၀၀ ကျော်ဖြင့် သွားရောက် ခေါ်ယူခဲ့ရသည်။

ထိုသို့ ထွက်ပြေးလာပြီးနောက် ဒေသခံအချို့က ၎င်းတို့ ရွာများသို့ ပြန်လည်သွားရောက် ကြည့်ရှုလိုကြသော်လည်း တပ်မတော်က သွားရောက်ခွင့် တားမြစ်ထားခြင်းဖြစ်သည်။

“အဲလိုမျိုး သွားခွင့် မပြုဘူးဆိုတာက တစ်ခုခုတော့ ထူးဆန်းနေတယ်။ ပြီးတော့ အဲလို သွားခွင့် မပြုဘူးဆိုတဲ့အပေါ်မှာ စဉ်းစားစရာတွေ အများကြီးရှိပြီးတော့ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို စောင့်ကြည့်ရမှာဖြစ်ပါတယ်” ဟု ဦးစိုင်းမျိုးညွန့်ကပြောသည်။

“ကျွန်တော်တို့အနေနဲ့ အခုလို လမ်းမှာသွားခွင့်မပြုဘူးဆိုတဲ့အပေါ်မှာ အစိုးရပိုင်းဆိုင်ရာကနေပြီးတော့ ပြည်သူလူထုတွေအတွက် လုံခြုံရေးနဲ့ ထိခိုက်နစ်နာမှု မရှိတာ သေချာအောင် ပြုလုပ်ပေးနေတယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။ သွားလာခွင့် ပိတ်ပင်ထားတယ်ဆိုတဲ့အပေါ်မှာပြောရရင် လက်ရှိတိုက်ပွဲအခြေအနေက ငြိမ်နေတော့ အခြေအနေ ကောင်းလာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ မလုံမလောက်ဖြစ်လာမည်ကိုမူ စိုးရိမ်သည်ဟု ဦးစိုင်းမျိုးညွန့်က ပြောသည်။

“အခုကတော့ အစားအသောက်ကတော့ လုံလောက်နေပါသေးတယ်။ ဒါပေမယ့် တစ်ရက်ကို ဆန်အိတ် ၈၀ ကုန်တော့ ကျွန်တော်တို့အနေနဲ့ အစားအသောက် မလောက်မင ဖြစ်မှာကို စိုးရိမ်ပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်နေ အိမ်ထောင်စုပေါင်း ၉၈၁ ခု၊ လူဦးရေ ၅,၁၇၁ ဦး ရှိကာ ၎င်းတို့ နေထိုင်ရန်အတွက် မြိုင်ကြီးငူတွင် အဆောက်အအုံများ ဆောက်လုပ်နေသည်။

“ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် လက်ရှိမှာ မြိုင်ကြီးငူ ဆရာတော်၏ အကူအညီနဲ့ အဆောက်အဦး ၃၀ လုံး ဆောက်လုပ်နေပါတယ်။ သူတို့ကို တစ်ဆောင်မှာ ၆၀၀ ဦး ထားဖို့ ရည်ရွယ်ထားပါတယ်” ဟု လှိုင်းဘွဲ့မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယ မြို့နယ် ဦးစီးမှုး ဦးနေလင်းထက်က ပြောကြားသည်။

“သူတို့ပြန်ဖို့ရန် လုံခြုံမှုမရှိသမျှ သူတို့ နေထိုင်နိုင်ဖို့ရန် ရည်ရွယ်ထားပါတယ်”ဟု ၎င်းကပြောသည်။

၎င်းတို့၏ ကျန်းမာရေးအတွက်လည်း မြိုင်ကြီးငူတိုက်နယ်ဆေးရုံက ကူညီစောင့်ရှောက်ပေးနေသည်ဟု မြိုင်ကြီးငူ တိုက်နယ်ဆေးရုံမှ အကြီးတန်းသူနာပြု ဒေါ်နန်းသဇင်ကပြောသည်။

“ကျွန်မတို့အနေနဲ့ နေ့စဉ်နေ့တိုင်း သူနာပြုနှစ်ယောက်နဲ့ အမျိုးသမီးအထူးပြု သူနာပြု တစ်ယောက်စီ နေ့တိုင်း တာဝန်ယူကြည့်ရှုပေးနေပါတယ်။ ကျွန်မတို့အနေနဲ့တော့ ထွေထွေထူးထူး အခက်အခဲမရှိပါဘူး” ဟု ၎င်းကပြောသည်။

တိုက်ပွဲများကြောင့် သေဆုံးသူ ရှစ်ဦးရှိခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက စက်တင်ဘာ ၂၁ ရက်နေ့က ရေးသားထားသည်။

ထိုသေဆုံးသူအရေအတွက်တွင် အရပ်သားများ ပါဝင်မှုရှိမရှိ သေချာစွာ မသိရသော်လည်း ဒေါ်နန်းသဇင်ကမူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကလွဲကာ အရပ်သားများ သေဆုံးမှုမရှိဟု ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ၎င်းတို့ သွားရောက်ခဲ့စဉ် ကျုံထော်ရွာမှ အသက် ၄၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးထွတ်ဒစ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦး ကိုယ်ဝန်ပျက်ကျသဖြင့် သွေးသွင်း ကုသခဲ့ရသည်ဟု ဒေါ်နန်းသဇင်ကပြောသည်။

“ငြိမ်းချမ်းရေး မြန်မြန်ရလို့ရှိရင်တော့ ကျွန်မတို့အနေနဲ့ သူတို့ကို အိမ်ကို အမြန် ပြန်စေချင်ပါတယ်။ ပြီးတော့ ကလေးတစ်ယောက်က ကျွန်မဆီကို လာပြောသေးတယ်။ အဘွားရယ် ပြန်ချင်တယ်ဆိုပြီးတော့ပေါ့။ ဘယ်ကို ပြန်ချင်တာလဲမေးတော့ အိမ်ကို ပြန်ချင်တာပါလို့ ကလေးက ပြန်ပြောပါတယ်” ဟု ဒေါ်နန်းသဇင်က ပြောသည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar