မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးကို ဘင်္ဂလားဒေရှ့်တရားရုံးက အာမခံပေး

ကော့ဘဇာ၊ စက်တင်ဘာ ၂၃

ဂျာမန်မဂ္ဂဇင်းတစ်စောင်အတွက် သတင်းဓာတ်ပုံရိုက်ကူးပေးနေစဉ် အဖမ်းခံထားရတဲ့ မြန်မာဓာတ်ပုံသတင်းထောက်နှစ်ဦးကို ဘင်္ဂလားဒေရှ့်တရားရုံးက အာမခံနဲ့ ယနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရဲ့နဲ့ သူတို့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။

မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ ဘင်္ဂလားဒေရှ့်နယ်စပ်ဒေသ ကော့ဘဇာခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ သတင်းရယူနေစဉ် ယခုလအစောပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီဒေသမှာ သြဂုတ် ၂၅ ရက်နေ့ နောက်ပိုင်းကစပြီး မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၄၂၀,၀၀၀ လောက် ခိုလှုံနေထိုင်နေကြပါတယ်။

သူလျှိုလုပ်တယ်လို့ မသင်္ကာမှုနဲ့ သူတို့ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောကြားပေမယ့် သူတို့ရဲ့ရှေ့နေတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

“သူတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်” လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေရှ့် ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ကော့ဘဇာက တရားရုံးက သူတို့နှစ်ဦးကို အာခံပေးလိုက်တယ်ဆိုတာကို သူတို့ရဲ့ရှေ့နေတစ်ဦးဖြစ်သူ Jyotirmoy Barua က အတည်ပြုပါတယ်။

မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက မြန်မာနိုင်ငံကို ပြန်ခွင့် ပြုမပြုကိုတော့ ကွဲကွဲပြားပြား မသိရှိရသေးပါဘူး။

ဂျာနယ်လစ်ဗီဇာအစား ကမ္ဘာ့လှည့်ခရီးသွားဗီဇာနဲ့ နိုင်ငံတွင်းကို ဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သူတို့ကို စွပ်စွဲခဲ့ပြီးနောက် “အယောင်ဆောင်မှု”၊ “အချက်အလက် အမှားတွေ” ပေးအပ်မှုနဲ့ သူတို့ကို တရားစွဲဆိုထားတယ်လို့ သူတို့ရဲ့ရှေ့နေဖြစ်သူက ပြောပါတယ်။

ဒါပေမယ့် ကော့ဘဇာရဲတပ်ဖွဲ့ကတော့ သူတို့ကို သူလျှိုလုပ်မှုနဲ့လည်း စွပ်စွဲထားတယ်လို့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။

သူတို့နှစ်ဦးကို စက်တင်ဘာ ၇ ရက်နေ့ကတည်းက ဖမ်းဆီးထားတာဖြစ်တယ်လို့ သူတို့ကို တာဝန်ပေးထားတဲ့ ဟန်းဘတ်မြို့အခြေစိုက် GEO မဂ္ဂဇင်းက ပြောပါတယ်။ မင်းဇေယျာဦးနဲ့ ခွန်လတ်တို့ဟာ အဲဒီမဂ္ဂဇင်းရဲ့ တာဝန်ပေးချက်အရ ဒုက္ခသည်ပြဿနာကို သတင်းရယူဖို့ ကော့ဘဇာကို စက်တင်ဘာအစောပိုင်းမှာ ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။

သူတို့နှစ်ဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေရှ့်က ဆုရဓာတ်ပုံဆရာတစ်ဦးကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့ကို ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကို စက်တင်ဘာ ၁၃ ရက်နေ့ကမှ ကြေညာခဲ့တာဖြစ်ပြီး ပထမအကြိမ် အာမခံလျှောက်ထားမှုကို တရားရုံးက စက်တင်ဘာ ၁၄ ရက်နေ့မှာ ပယ်ချခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်ရှေ့နေ Jyotirmoy Barua က အေအက်ဖ်ပီကို ပြောကြားခဲ့ပါတယ်။

မင်းဇေယျာဦးဟာ ”ဆုတွေရရှိထားတဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်ပြီး သူ့လက်ရာတွေကို New York Times၊ Guardia နဲ့ National Geographic တို့လို ဂုဏ်သရေရှိ မဂ္ဂဇင်းကြီးတွေမှာ ဖော်ပြခံခဲ့ရတယ်” လို့ သူက ပြောကြားပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို ရိုဟင်ဂျာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့အချိန်ကစတင်ပြီး အဲဒီကိစ္စကို သတင်းရယူဖို့အတွက် ဘင်္ဂလားဒေရှ့် အရှေ့တောင်ပိုင်းကို နိုင်ငံတကာ သတင်းထောက်အများအပြား ရောက်ရှိနေကြပါတယ်။

မင်းဇေယျာဦးနဲ့ခွန်လတ်တို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့အတွက် နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ)က ဘင်္ဂလားဒေရှ့်ကို တိုက်တွန်းထားပါတယ်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar