မြန်မာ-တရုတ် စာချုပ်တွေ ဘယ်လောက် အကျိုးရှိစေမလဲ

လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက် ၅ ခုထဲမှာ သဘောတူညီချက် နှစ်ခုဖြစ်တဲ့ မြန်မာ- တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်နဲ့ စီးပွားရေး ပိုးလမ်းမ ရပ်ဝန်းတစ်ခုနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စတင်တည်ထောင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တို့ကတော့ အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ မေ ၁၄ ကနေ ၁၅ ရက်အထိ ပီကင်းမှာ ကျင်းပတဲ့ ပိုးလမ်းမ ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် Belt and Road Forum for International Cooperation ကို တက်ရောက်ခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။

လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက် ၅ ခုထဲမှာ သဘောတူညီချက် နှစ်ခုကတော့ အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒါတွေကတော့ မြန်မာ- တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူစာချုပ်နဲ့ စီးပွားရေး ပိုးလမ်းမ ရပ်ဝန်းတစ်ခုနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စတင်တည်ထောင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တို့ပဲ ဖြစ်ပါတယ်။

ဒီစာချုပ်နှစ်ခု ဘာထူးခြားသလဲ၊ ဒီစာချုပ်တွေ အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ဒီစာချုပ်တွေထဲက တရုတ်-မြန်မာ နယ်စပ် စီးပွားရေးဇုန်နဲ့ပတ်သက်လို့ ဘယ်နေရာမှာ တည်ဆောက်မလဲ ဆိုတာ သတင်းတွေမှာ ဖော်ပြမထားပါဘူး။ ဒါပေမဲ့ ရန်မင်တက္ကသိုလ်၊ ဘဏ္ဍာရေးလေ့လာမှုဆိုင်ရာ ချုံယန်အင်စတီကျုရဲ့ အကြီးတန်းသုတေသီ  ကျူရွန် Zhou Rong, a senior research fellow at the Chongyang Institute for Financial Studies at Renmin University of China ကတော့ အဲဒီနေရာဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးခရိုင် Tengchong ၊ ဟိုချောင် နယ်စပ်ဂိတ် Houqiao နဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်က ကန်ပိုက်တီး Kan Pike Tee နယ်စပ်စခန်း ဆက်သွယ်မယ့် နေရာမှာလို့ ဂလိုဘယ်လ်တိုင်းမ် ကို ပြောထားပါတယ်။

တကယ်တော့ အဲဒီနေရာမှာ တရုတ်ဘက်က နယ်စပ်ကုန်သွယ်ရေးလုပ်ဖို့ ပြင်ဆင်ထားတာ ကြာပါပြီ။ နယ်စပ်ကုန်သွယ်ရေးအတွက် မြန်မာနိုင်ငံ ကန်ပိုက်တီးနယ်စပ်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ တရုတ်နိုင်ငံဘက်ခြမ်း ဟိုချောင်မှာ ခေတ်မီစက်ပစ္စည်းကိရိယာတွေ တပ်ဆင်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း တည်ဆောက်ထားပြီးပါပြီ။

မြန်မာ့ကျောက်စိမ်း၊ သစ်တွေနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ထိန်ချုံးခရိုင်နဲ့ တခြားမြို့တွေဟာ ကန်ပိုက်တီး  နယ်စပ်ကတဆင့် မြစ်ကြီးနားနဲ့ ကချင်ပြည်နယ်ဘက်ကို ကုန်သွယ်၊ စီးပွားရေးလုပ်ချင်တဲ့ အာသီသ ပြင်းပြနေတာလည်း ကြာပါပြီ။ ဒီအတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက မြန်မာဘက်ခြမ်းမှာ ကန်ပိုက်တီး နယ်စပ်ကနေ  ဝိုင်းမော်၊ မြစ်ကြီးနားထိ ရာသီမရွေး သွားလာနိုင်တဲ့ ကားလမ်းတစ်ခုကိုလည်း ဖောက်လုပ်ပေးထားပြီး ဖြစ်ပါတယ်။

မြန်မာဘက်ခြမ်းမှာတော့  မြစ်ကြီးနား အပါအဝင် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက မြို့ရွာတွေနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးလိုမြို့ကြီးတို့ ဆက်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေး မကောင်းတာကြောင့် အဲဒီ နယ်စပ်ကုန်သွယ်ရေး ဂိတ်သာ ဖွင့်ဖြစ်ခဲ့ရင်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်နိုင်ခဲ့ရင် တရုတ်နိုင်ငံအတွက် အလွန် အကျိုးအမြတ်များမှာကတော့ အသေအချာပါပဲ။

လက်ရှိမှာကိုပဲ ထိန်ချုံးခရိုင်ဘက်က ကုမ္ပဏီတချို့ဟာ မြစ်ကြီးနား၊ ဝိုင်းမော် ဧရိယာက မြေတွေကို ငှားရမ်း၊ ငှက်ပျော ဖရဲ အပါအဝင် သီးနှံတွေ စိုက်ပျိုးပြီး တရုတ်ဘက်ကို ပြန်တင်ပို့တဲ့ လုပ်ငန်းတွေကို ဝင်လုပ်နေကြပြီးသားပါ။ မြန်မာဘက်ခြမ်းမှာတော့ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်း တည်ငြိမ်မှုတောင် မရှိသေးပါဘူး။ ဒီအတွက် နှစ်ဖက် အကျိုးရှိဖို့ဆိုရင် မြန်မာဘက်က အများကြီး ပြင်ဆင်ရပါဦးမယ်။

တကယ်တော့ ဒီစီမံကိန်းတွေဟာ လက်ရှိတရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းမကြီးတစ်ခု အစီအစဉ် မစတင်မီ နှစ်ပေါင်းများစွာကတည်းက ချမှတ်ခဲ့တဲ့ “သမုဒ္ဒရာ နှစ်စင်း ပေါ်လစီ” ကနေ မြစ်ဖျားခံလာတာပါ။ တရုတ်နိုင်ငံဟာ ယူနန်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာကို အသုံးချနိုင်ရေး ကြိုးစားနေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။

စီးပွားရေး ပိုးလမ်းမ ရပ်ဝန်းတစ်ခုနဲ့ ၂၁ ရာစု ရေကြောင်းဆိုင်ရာ ပိုးလမ်းမ စတင်တည်ထောင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကတော့ ရခိုင်ပြည်နယ်က ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ကျောက်ဖြူနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင်ကို ဆက်သွယ်ထားတဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်း အပါအဝင် ရထားလမ်း၊ ကားလမ်း ဘက်စုံလမ်းမကြီးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီစီမံကိန်းတွေဟာ လက်ရှိတရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ရပ်ဝန်းတစ်ခု၊ လမ်းမကြီးတစ်ခု အစီအစဉ် မစတင်မီ နှစ်ပေါင်းများစွာကတည်းက ချမှတ်ခဲ့တဲ့ “သမုဒ္ဒရာ နှစ်စင်း ပေါ်လစီ” ကနေ မြစ်ဖျားခံလာတာပါ။ တရုတ်နိုင်ငံဟာ ယူနန်ပြည်နယ်ကနေတဆင့် မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာကို အသုံးချနိုင်ရေး ကြိုးစားနေခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။

ဒီလိုသာ အသုံးပြုနိုင်ခဲ့ရင် အိန္ဒိယအပါအဝင် ကမ္ဘာ့အရှေ့အလယ်ပိုင်း နိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ရေနံအပါအဝင် လောင်စာဆီတွေ တရုတ်နိုင်ငံအတွင်း တင်သွင်းရေးမှာ မလက္ကာ ရေလက်ကြားကို ဖြတ်စရာ မလိုဘဲ အချိန်တိုတို ကုန်ကျစရိတ်နည်းနည်းနဲ့ လုပ်ကိုင်နိုင်သွားမှာ ဖြစ်ပါတယ်။

တချို့ နိုင်ငံရေး အကဲခတ်တွေကတော့ တရုတ်ရေတပ်ရဲ့ အိန္ဒိယသမုဒ္ဒရာတွင်း စိုးမိုးရေး ရည်မှန်းချက် ရှိနေတယ်လို့လည်း ဝေဖန်ကြပါတယ်။ ဒီအတွက်လည်း စီမံကိန်း အကောင်အထည် ဖော်ဖို့ ကြိုးစားနေတာ နှစ်တချို့တောင် ရှိနေပါပြီ။

အဲဒီစီမံကိန်းကြီးအတွက် ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင် အထိပေါက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုလုပ်ငန်းစဉ် ပြီးမြောက်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေတောင် ပို့လွှတ်နိုင်ခဲ့ပါပြီ။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုတော့ တင်ဒါအောင်ထားပြီး လုပ်ငန်းကို  ဆက်လက် အကောင်အထည်ဖော်နေပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူ- ခွင်းမင် ရထားလမ်း၊ ကားလမ်း ဘက်စုံ လမ်းမကြီး စီမံကိန်းကတော့ ဆက်ပြီး အကောင်အထည်ဖော်ခွင့် ရနိုင်ရေး ကြိုးစားနေဆဲပါ။ ဒီစီမံကိန်းအတွက် တရုတ်နိုင်ငံဘက်မှာတော့ ပြည်နယ်မြို့တော် ခွင်းမင်ကနေ မြန်မာနယ်စပ် ရွှေလီအထိ ဘက်စုံလမ်းမကြီး ဖောက်လို့ ပြီးသွားပါပြီ။ အဲဒီ ဘက်စုံလမ်းမကြီးမှာ ကားလမ်း၊ ရထားလမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ထပ်ဆင့်ပို့ စက်ရုံတွေ၊ မြို့ပြအိမ်ရာစီမံကိန်းတွေ၊ ဈေးရောင်းစင်တာတွေ အားလုံးပါဝင်ပါတယ်။

ဒီစီမံကိန်းကြီးရဲ့ နောက်ဆုံးအဆင့် မြန်မာနိုင်ငံထဲ ရှမ်းပြည်နယ် နယ်စပ် မူဆယ်မြို့ကနေ မန္တလေးကို ဖြတ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ ရထားလမ်း၊ ကားလမ်း ဖောက်လုပ်နိုင်ရေးကိစ္စကတော့ လုံခြုံရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ရေးဆိုင်ရာ စိုးရိမ်ကြောင့်ကျမှုနဲ့ ပြည်သူတချို့ရဲ့ ကန့်ကွက်တာ ခံနေရဆဲပါ။

တကယ်တော့ တရုတ်နိုင်ငံရဲ့ အဲဒီ စီမံကိန်းကြီးဟာ အလွန်ကြီးကျယ်ပြီး တရုတ်နိုင်ငံအတွက် အလွန့်အလွန် အကျိုးရှိမယ် ဆိုတာကတော့ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံအတွက်ကတော့ စီမံကိန်းနဲ့ပတ်သက်ပြီး ဘယ်လောက် ကိုင်တွယ်ခွင့်ရမယ်၊ ဘယ်လောက် ထိန်းချုပ်ခွင့်ရမယ်၊ စာချုပ်တွေမှာ မြန်မာအတွက် ဘယ်လောက် အကျိုးရှိအောင် ချုပ်ဆိုနိုင်ပြီး စာချုပ်ပါအတိုင်း ဘယ်အတိုင်းအတာအထိ အကောင်အထည်ဖော်နိုင်မလဲ ဆိုတဲ့အချက်တွေပေါ်မှာ မူတည်နေပါတယ်။

တကယ်တော့ တရုတ်နိုင်ငံအပါအဝင် ဘယ်နိုင်ငံနဲ့မဆို ကုန်သွယ်ကူးလူး ဆက်ဆံရေးကို ပုံစံအမျိုးမျိုးနဲ့ လုပ်နိုင်ခြင်းဟာ မြန်မာနိုင်ငံအတွက် အကျိုးမယုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လောက်အကျိုးရှိမယ် ဆိုတာကတော့ မြန်မာဘက်က အစိုးရတာဝန်ရှိသူတွေရဲ့ အမြော်အမြင်ကြီးမှု၊ မြန်မာနိုင်ငံဘက်ခြမ်းက အစိုးရတွေ၊ ကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ စည်းလုံးညီညွတ်မှု၊ အဂတိတရား ကင်းရှင်းမှု၊ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ အရည်အချင်းရှိမှုတွေကသာ အဆုံးအဖြတ်ပေးမယ့်ကိစ္စ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.