မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်မှု စတင်

ရန်ကုန်မြစ်ကို ဖြတ်ကျော်ကာ ရန်ကုန်မြို့နှင့် ဒလမြို့နယ်ကို ဆက်သွယ်ပေးမည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားအတွက် ပထမဆုံးပိုင်တိုင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က စက်ခလုတ်နှိပ်ကာ ပန္နက်တင်ပေးခြင်းဖြင့် တည်ဆောက်မှုကို စတင်လိုက်ပြီဖြစ်သည်။

တည်ဆောက်ချိန် သုံးနှစ်ခွဲခန့်ကြာမြင့်မည့် အဆိုပါစီမံကိန်းမှာ နှစ်နှင့်ချီကာ ကြန့်ကြာမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် စီမံကိန်း စတင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒလဘက်ကမ်းတွင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ ဝါရင့်စီးပွားရေးအကြံပေးနှင့် Presidential Committee On New Southern Policy ဥက္ကဋ္ဌတို့က တံတားအတွက် မင်္ဂလာပိုင်တိုင်ကို စက်ခလုတ်နှိပ်၍ ပန္နက်တော်တင်ပေးကြပြီး အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်ဟု အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ တံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် တည်ဆောက်မည်ဖြစ်သည်။ တံတားမှာ ရန်ကုန်မြို့၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်းတို့အား ဆက်သွယ်ပေးမည်ဖြစ်သည်။

ထို့ပြင်တံတားပေါ်တွင် ဒလမြို့၏ သောက်သုံးရေအခက်အခဲအား ဖြေရှင်းပေးနိုင်ရေးအတွက် ရေချိုပိုက်လိုင်းနှစ်ခုကိုလည်း ထည့်သွင်းတည်ဆောက်မည်ဟု သိရသည်။

တံတားဆိုင်ရာ အချက်အလက်များ

တံတားအမျိုးအစား – သံမဏိ ကြိုးဆိုင်းတံတား
တံတားအရှည် – ၁၈၆၇ ဒသမ ၅၉၅ မီတာ
ပင်မတံတားအရှည် – ၆၉၀ မီတာ
ရန်ကုန်ဘက်ခြမ်း ချဉ်းကပ်လမ်း – ၅၇၆ ဒသမ ၄၆၆ မီတာ
ဒလဘက်ခြမ်း ချဉ်းကပ်လမ်း – ၆၀၁ ဒသမ ၁၂၉ မီတာ
တံတားအကျယ် – ၂၄ ဒသမ ၂ မီတာ
ယာဉ်တစ်စီးချင်း ခံနိုင်ဝန် – ၇၅ တန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.