မြန်မာ့ပညာရေးရဲ့ နှစ် ၃၀ လောက် မှားယွင်းခဲ့တဲ့အမှား

စည်သူအောင်မြင့် ရေးသားသည်။ 

လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်း အတော်လေး နိမ့်ကျနေတယ်ဆိုတာကို နိုင်ငံတကာကရော ပြည်တွင်းက နိုင်ငံသားတွေကိုယ်တိုင်ကပါ သိနေ၊ ပြောနေ၊ ဆိုနေကြပါတယ်။

တချိန်က အရှေ့တောင်အာရှမှာ ပညာရည်မြင့်မားခဲ့ဖူးတဲ့ တိုင်းပြည် တစ်ပြည်အဖြစ်ကနေ ဒီကနေ့အချိန် ဘာကြောင့် ပညာရေးအဆင့်အတန်း ဒီလောက် နိမ့်သွားရတာလဲဆိုတာနဲ့ ပတ်သက်လို့ကတော့ တိတိကျကျ နားလည်သူ နည်းပါတယ်။ ဒါပေမဲ့ အားလုံးလက်ခံထားကြတာကတော့ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း စစ်အာဏာသိမ်း အုပ်ချုပ်ပြီးနောက်ပိုင်း စစ်အာဏာရှင် အဆက်ဆက်အောက်မှာ မြန်မာ့ပညာရေး တဖြည်းဖြည်း နိမ့်ကျသွားတယ် ဆိုတာပါပဲ။

ပညာရေး နိမ့်ကျသွားမှုမှာ အကြမ်းဖျင်း နှစ်ပိုင်း ပြောလို့ရပါတယ်။ ပထမတစ်ပိုင်းကတော့ ပညာရေးနဲ့ပတ်သက်ပြီး ဘာမှနားမလည် မကျွမ်းကျင်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စီမံခန့်ခွဲမှု အမှားတွေကြောင့်ဖြစ်ပြီး နောက်တစ်ပိုင်းကတော့ ကျောင်းသူကျောင်းသားတွေ၊ အထူးသဖြင့် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို စစ်အာဏာရှင်တွေကနေ သူတို့ရန်သူတွေလို သဘောထား သတ်မှတ်၊ မူဝါဒတွေ ချမှတ်ခဲ့ကြလို့ပါပဲ။ ဒါတွေကို ဆောင်းပါးတစ်ပုဒ်လောက်နဲ့ ရေးပြလို့ မပြည့်စုံနိုင်ပါဘူး။

အခုဆောင်းပါးမှာတော့ မြန်မာ့ပညာရေး ကျဆင်းသွားမှု၊ တနည်းအားဖြင့် ကျောင်းသူကျောင်းသားတွေ အတန်းအောင်၊ ဘွဲ့ရပြီး ဘာပညာမှ ကောင်းကောင်းမတတ်တဲ့ အခြေအနေထိ ဆိုက်ရောက်စေခဲ့တဲ့ မူဝါဒဆိုင်ရာ အမှားတွေ အများကြီးထဲကမှ နှစ်ပေါင်း ၃၀ လောက် မှားယွင်းခဲ့တဲ့ အမှားကြီး တစ်ခုအကြောင်း လေ့လာဆွေးနွေး တင်ပြသွားပါ့မယ်။

အဲဒါကတော့ အခြေခံပညာ အထက်တန်းဖြစ်တဲ့ ၉ တန်းနဲ့ ၁၀ တန်းတွေမှာ သင်္ချာနဲ့ သိပ္ပံဘာသာတွဲကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတဲ့ပြဿနာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် အာဏာရှင် ဦးနေဝင်း လက်ထက် ၁၉၈၅ မတိုင်ခင်က အခြေခံပညာ အထက်တန်းအဆင့်ရဲ့ သင်္ချာ၊ ဓာတုဗေဒ၊ ဇီဝဗဒ၊ ရူပဗေဒ နဲ့ ဘောဂဗေဒ ဘာသာရပ်တွေရဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အားလုံး မြန်မာဘာသာနဲ့ ဖြစ်ပြီး မြန်မာဘာသာနဲ့ပဲ သင်ကြား သင်ယူခဲ့ကြပါတယ်။ စာမေးပွဲကိုလည်း မြန်မာဘာသာနဲ့ပဲ စစ်ဆေးတာပါ။ ၁၉၈၅ ခုနှစ်မှာတော့ အဲဒီ သိပ္ပံဘာသာရပ်တွေနဲ့ ဘောဂဗေဒ ကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားမှု စတင်ခဲ့ပါတယ်။

ပြဋ္ဌာန်းစာအုပ်ကလည်း အင်္ဂလိပ်ဘာသာနဲ့ ဖြစ်လာသလို၊ စာမေးပွဲမေးခွန်းတွေမှာလည်း အင်္ဂလိပ်ဘာသာနဲ့ပဲ စစ်ဆေးတာပါ။ ဒါဟာ သင်ရိုးညွှန်းတမ်းအရ အဆင့်မြင့်တယ်လို့ ထင်မြင်ယူဆစေချင်တာ၊ ကျောင်းသားတွေ အဲဒီဘာသာရပ်တွေကို နိုင်ငံတကာနည်းတူ အဆင့်မြင့်မြင့် တတ်မြောက်စေချင်လို့ ပြောင်းလဲရတာလို့ မှန်းဆ ရပါတယ်။

၁၉၉၅ ခုနှစ်ရောက်တော့ ဘောဂဗေဒ ဘာသာရပ်ကို မြန်မာလို ပြန်ပြီးသင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ရဲ့ ၆ လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ တစ်ရပ် တင်သွင်းခဲ့ပြီး အဲဒီထဲမှာ သုံးသပ်ချက်တွေလည်း ပါဝင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ၁၀ တန်းအောင်၊ ဘွဲ့ရတွေ အင်္ဂလိပ်စာမတတ်၊ ဘာသာရပ် မကျွမ်းကျင်၊ သင်ထားတဲ့ ပညာတွေကလည်း လူမှုဝန်းကျင်မှာ အသုံးပြုလို့ မရခဲ့ဘူးဆိုရင် အဲဒီပညာရေးစနစ်ကို လေးလေးနက်နက် ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။

လက်ရှိလွှတ်တော်ထဲမှာ အစီရင်ခံစာ တင်ခဲ့သူတွေကတော့ ၁၉၈၅ ခုနှစ်ကတည်းက စ ခဲ့တဲ့ အဲဒီဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့သင်ကြားတာ နှစ်ပေါင်း ၃၀ ကျော်ကြာလာတဲ့ ဒီကနေ့အချိန်မှာ အောင်မြင်တယ်၊ မအောင်မြင်ဘူး၊ အားနည်းချက်တွေ ရှိနေသလား၊ မရှိဘူးလားစသဖြင့် အစိုးရအနေနဲ့ရော ပညာရေးဝန်ကြီးဌာနအနေနဲ့ပါ သေသေချာချာ ပြန်ပြီးဆန်းစစ်တာမျိုး၊ သုတေသနလုပ်တာမျိုး ခုထက်ထိ တစ်ခါမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လွှတ်တော်ထဲ ဆွေးနွေးတဲ့ အမတ်တချို့ ထောက်ပြတာကတော့ အဲဒီအချိန်က အစိုးရဟာ အဲလို အဆင့်မြှင့်လိုက်ပေမဲ့ သင်ရိုးကို တကယ်တတ်မြောက်အောင် သင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမ လုံလုံလောက်လောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အဲလိုဘာသာရပ်တွေကို အင်္ဂလိပ်ဘာသာနဲ့ သင်မယ်ဆိုရင် သင်ကြားမယ့် ဆရာ၊ ဆရာမတွေဟာ အနည်းဆုံး Upper Intermediate အဆင့် ရှိသင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သိပ်မကြာသေးခင် ကာလအတွင်း ဗြိတိသျှကောင်စီရဲ့ စစ်တမ်းတစ်ခုမှာတော့ အဲဒီဘာသာရပ်တွေ သင်ကြားနေတဲ့ အထက်တန်းပြ ဆရာ ဆရာမ အများစုရဲ့ အင်္ဂလိပ်စာ Level ဟာ Beginner ဒါမှမဟုတ် Elementary အဆင့်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ အထက်တန်းကျောင်း ဆရာဆရာမတွေဟာ အဲဒီသိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လို သင်ကြားဖို့ လုံးဝ အဆင့်အတန်းမမီဘူးဆိုတဲ့ သဘောပါ။

ဒီလိုနည်းနဲ့ အင်္ဂလိပ်ဘာသာ မတတ်တဲ့ ဆရာ ဆရာမတွေက သိပ္ပံဘာသာရပ်တွေကို အင်္ဂလိပ်လို သင်တဲ့အခါ နဂိုကတည်းကမှ အင်္ဂလိပ်စာ သိပ်မတတ်တဲ့ ကျောင်းသူကျောင်းသားတွေ ဘာမှနားလည် တတ်မြောက်မှု မရှိတာကလည်း ဆန်းကြယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ ကျူရှင်ဆရာတွေ ပေါ်ပေါက်လာတာနဲ့ အလွတ်ကျက်ဓလေ့ တွင်ကျယ်မှု ဖြစ်လာတော့တာပါပဲ။ 

အမျိုးသားပညာရေး မူဝါဒကော်မရှင်ရဲ့ တင်ပြချက်မှာတော့ အထက်တန်းကျောင်းသား ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော် ကျူရှင်ယူရတဲ့ အခြေအနေ ဆိုက်ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။ စာသင်ခန်းတွေဟာလည်း ပညာသင်ပေးနေတာ၊ ပညာသင်ယူနေတာဆိုတဲ့ ပုံစံမျိုးထက် စာမေးပွဲမှာ မေးနိုင်ခြေရှိတာတွေကို ရွေးနှုတ်၊ အမှတ်ရနိုင်ခြေရှိတဲ့ မေးခွန်းနဲ့ အဖြေတွေကို လေ့ကျင့်၊ အင်္ဂလိပ်ဘာသာစကားကိုလည်း ကောင်းကောင်း မတတ်တော့ အဖြေတွေကို အာဂုံဆောင် အလွတ်ကျက်တဲ့ parrot learning အခြေအနေ ရောက်လာတာပါပဲ။ 

အဲဒီခေတ် အဲဒီကာလက ကျူရှင်ဆရာ အများစုကလည်း ကျောင်းသားတွေ အာဂုံဆောင်လို့လွယ်အောင် သိပ္ပံဘာသာဆိုင်ရာ အကြောင်းအရာတွေကို ကဗျာတွေ၊ သီချင်းတွေစပ်ပြီး ကျက်မှတ်ရလွယ်အောင် လုပ်ပေးခဲ့ကြပါတယ်။ ပညာရေးစနစ်ရဲ့ မှားယွင်းတဲ့ပေါ်လစီကနေ ပေါ်ပေါက်လာတဲ့ အလွတ်ကျက်ပုံစံကို မီးလောင်ရာလေပင့် လုပ်ပေးခဲ့ကြတဲ့ သဘောပါပဲ။

နောက်ဆုံး ဆန်းစစ်ကြည့်လိုက်တဲ့အခါ အဲဒီသင်ကြားရေး မူဝါဒကြောင့် ကျောင်းသားတွေအနေနဲ့ အင်္ဂလိပ်စာ ကောင်းကောင်းမွန်မွန် တတ်လာခြင်းမရှိသလို၊ ဘာသာရပ်အပေါ်မှာလည်း ကျွမ်းကျင်လာခြင်းမရှိဘဲ စာတွေသင်ပေမဲ့ ပညာမတတ်တဲ့ ကျောင်းသားတွေဘဝ ကျရောက်သွားတယ်လို့ လွှတ်တော်အမတ် ဒေါက်တာ လှမိုးက ပြောပါတယ်။ 

မြန်မာ့ပညာရေး နိမ့်ကျသွားရတဲ့ အကြောင်းရင်းတွေကို ရှာဖွေရာမှာ ပြဿနာ အချက်အလက်ပေါင်းများစွာ တွေ့ရမှာဖြစ်သလို၊ အခုလို အခြေခံပညာ အထက်တန်းမှာ သင်္ချာနဲ့သိပ္ပံဘာသာရပ်ကို အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတာကလည်း ကြီးမားတဲ့အကြောင်းအချက် တစ်ခုအနေနဲ့ ပါဝင်တဲ့အကြောင်း ကော်မရှင်က တင်ပြတာပါ။

ကော်မရှင်ဟာ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေရဲ့ ပညာသင်ကြားရေးမှာ အသုံးပြုတဲ့ ဘာသာစကားဆိုင်ရာ ပြဿနာတွေကိုလည်း လေ့လာပြီး ပူးတွဲတင်ပြခဲ့ပါသေးတယ်။ တကယ်တော့ ကော်မရှင်က တင်ပြလာတဲ့ လက်ရှိပြဿနာဟာ အစိုးရ အဆက်ဆက်ကသာ ဘာဆန်းစစ်မှု၊ လေ့လာမှုမှ လုပ်တာမရှိခဲ့ပေမဲ့ ပညာရေးဆိုင်ရာ ပညာရှင်တွေကြားမှာတော့ နှစ်ပေါင်းများစွာ ငြင်းခုံလာခဲ့တဲ့ ပြဿနာ တစ်ခုလည်း ဖြစ်နေပါတယ်။

တကယ်တော့ ပညာသင်ကြားရေးဆိုတာဟာ သင်ကြားမှုပြီးဆုံးလို့ လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ရင် အသုံးပြုလို့ရမယ့် အသိပညာ၊ အတတ်ပညာ၊ တီထွင်ဖန်တီးမှု၊ ဝေဖန်ပိုင်းခြားတတ်မှုတွေ ရသွားအောင် လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် လုပ်ငန်းစဉ်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံက ၁၀တန်းအောင်၊ ဘွဲ့ရတွေ အင်္ဂလိပ်စာမတတ်၊ ဘာသာရပ် မကျွမ်းကျင်၊ သင်ထားတဲ့ ပညာတွေကလည်း လူမှုဝန်းကျင်မှာ အသုံးပြုလို့ မရခဲ့ဘူးဆိုရင် အဲဒီပညာရေးစနစ်ကို လေးလေးနက်နက် ပြန်စဉ်းစားဖို့ လိုအပ်နေပါပြီ။ ကော်မရှင်ကတော့ အခြေခံပညာ အထက်တန်းမှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို နှစ်ပေါင်းများစွာ အင်္ဂလိပ်လို သင်ကြားနေတဲ့ကိစ္စဟာ မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ အပေါ်မှာ သက်ရောက်မှု အလွန်ကြီးမားတဲ့ မူဝါဒရေးရာ ပြဿနာကြီးဖြစ်နေလို့ အစိုးရတာဝန်ရှိသူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မယ့် မူဝါဒအသစ် တစ်ခုကို သက်ဆိုင်သူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှှိုင်းဆွေးနွေး ချမှတ်ပေးဖို့ အကြံပြုထားပါတယ်။

အဲဒီအချိန်ကျ အထက်တန်းပညာရေးမှာ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကို မြန်မာလို ပြန်သင်တာ၊ ဒါမှမဟုတ် မြန်မာနဲ့ အင်္ဂလိပ် ရောနှောပြီး သင်ကြားပေးတာမျိုး ပေါ်ပေါက်လာနိုင်ကြောင်းပါ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.