မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ လှုပ်ရှားမှု စတင်

ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကောင်နှုန်းဖြင့် သတ်ဖြတ်ခံနေရသည့် မြန်မာ့တောဆင်ရိုင်းများအား ကာကွယ်ရန်အတွက် “မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံ” (VOICES FOR MOMOS) လှုပ်ရှားမှုကို ယခုလတွင် စတင်ပြုလုပ်သွားမည်ဖြစ်သည်။

တောဆင်ရိုင်းများအား အရေခွံခွာယူရန်အတွက် အဓိက သတ်ဖြတ်နေကြခြင်းဖြစ်သည်။ ထိုသို့ သတ်ဖြတ်နေမှုများကြောင့် တောဆင်ရိုင်းအရေအတွက် လျှင်မြန်စွာ လျော့နည်းလာသည့် အခြေအနေကို ကာကွယ်တားဆီး တုန့်ပြန်နိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် အဖွဲ့အစည်း ၆ ခုက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မြန်မာ့ဆင် ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP) ကို အထောက်အပံ့ဖြစ်စေရန် နယ်ပယ်အသီးသီးမှ ပါဝင်လုပ်ဆောင်နိုင်သည့် ထိုလှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်သည်။

“မြန်မာ့ဆင်ထိန်းသိမ်းရေး လုပ်ငန်းအစီအစဉ် (MECAP) ကို မြန်မာ့တောဆင်ရိုင်းအရေအတွက် အလျင်အမြန် ကျဆင်းလာတာ တုန့်ပြန်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ နောက်အနာဂတ်မျိုးဆက်သစ်တွေအတွက် ဆင်တွေကို ထိန်းသိမ်းဖို့ရာ ရည်ရွယ်ပြီး လုပ်ဆောင်ရေးဆွဲခဲ့တာပါ။ အခုလို VOICES FOR MOMOS နဲ့ ပူးပေါင်း လုပ်ဆောင်မှာကိုလည်း ကြိုဆိုပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

“မြန်မာ့ဆင်တွေ အမဲလိုက်သတ်ဖြတ်ခံနေရတာနဲ့ တရားမဝင်တောရိုင်းတိရစ္ဆာန်တွေကို အရောင်းအဝယ် လုပ်နေကြတာတွေကို တိုက်ဖျက်ဖို့အတွက် အတူပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားကြဖို့ မျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ထိုလှုပ်ရှားမှုကို ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (BANCA)၊ နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင် ထိန်းသိမ်းရေးအဖွဲ့ (FFI) မြန်မာ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး မိတ်ဆွေများအသင်း (FoW)၊ Grow Back for Posterity (GBP)၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)၊ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) တို့က စတင်လုပ်ဆောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင်ကုန်သွယ်နေသည့် လုပ်ငန်းများကို ပပျောက်သွားစေရန် လူတစ်ဦးတစ်ယောက်အားဖြင့်သော်လည်းကောင်း၊ အသင်းအဖွဲ့အားဖြင့်သော်လည်းကောင်း ပါဝင်လုပ်ဆောင်နိုင်သည့်၊ ပြည်သူလူထုကို အသိပညာပေးမည့် လုပ်ရှားမှုများ ပါဝင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ အခုအချိန်မှာမှ အလေးထား မလုပ်ဆောင်နိုင်ရင် မြန်မာ့တောဆင်ရိုင်းတွေ လုံးဝ ပျောက်ကွယ် သွားတော့မှာပါ။ မြန်မာနိုင်ငံကဏ္ဍပေါင်းစုံမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ လူတစ်ယောက်ချင်းကို VOICES FOR MOMOS မှာ ပါဝင်ပေးကြဖို့နဲ့ ကျွန်တော်တို့ရဲ့ တောဆင်ရိုင်းတွေရဲ့အသံ သစ်တောတွေထဲမှာ ထာဝရ ဆိတ်သုဉ်း မသွားခင် သူတို့ရဲ့ကိုယ်စား စကားတွေပြောပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI) မြန်မာမှ တနင်္သာရီဒေသ ထိန်းသိမ်းရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဦးနေမျိုးရွှေက ပြောကြားသည်။

ဆင်များ၏ အရေပြားအပါအဝင် ဆင်ခန္ဓာကိုယ် အစိတ်အပိုင်းများသည် ဈေးကွက်တွင် ဝယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်များကို အမဲလိုက်သတ်ဖြတ်ရာ အဓိက နေရာတစ်နေရာ ဖြစ်လာနေပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပုံမှန်အားဖြင့် ဆင်များကို အဆိပ်လူးမြှား၊ သို့မဟုတ် အားပြင်းသည့် ရိုင်ဖယ်သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ သားရေကို ခွာယူခြင်းမခံရမီ ဆင်များသည် မချိမဆန့်ဝေဒနာကို တမြေ့မြေ့ခံစားရင်း သေဆုံးကြရသည်။ ၎င်းတို့၏ သားရေများ၊ အစွယ်များနှင့် အခြား ခန္ဓာကိုယ် အစိတ်အပိုင်းများကို ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချနေကြသည်။

ဆင်သားရေများကို တရားမဝင် ကုန်သွယ်နေခဲ့ကြသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်ပိုင်းတွင် များစွာ မြင့်တက်လာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (MONREC) ၏ တရားဝင် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း တောဆင်ရိုင်းကောင်ရေ ၁၈ ကောင်အထိ သတ်ဖြတ်ခံခဲ့ရသည်။ ယခုနှစ် ဩဂုတ်လအထိ သတ်ဖြတ် အရေခွံဆုတ်ခွာခံခဲ့ရသည့် တောဆင်ရိုင်း အရေအတွက်သည် “အနည်းဆုံး ၃၀” ရှိလိမ့်မည်ဟု ဒေသတွင်း လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်းများက တွက်ချက်ထားကြသည်။ ထိုအရေအတွက်သည် သီတင်းတစ်ပတ်လျှင် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရခြင်း ဖြစ်သည်။

ယခုအချိန်၌ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၁,၄၀ဝ နှင့် ၂,၀၀ဝ ကြားတွင်သာ ကျန်ရှိတော့သည်ဟု တရားဝင် ခန့်မှန်းထားသော်လည်း ယင်းပမာဏအောက် များစွာ လျော့နည်းနေနိုင်သည်ဟု ဆိုသည်။

တောရိုင်းတိရစ္ဆာန် ပေါများနေဆဲ ဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာ အပါအဝင် ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ နယ်စပ်များ ထိစပ်နေသည့် မှောင်ခိုပစ္စည်းများကို နည်းလမ်းမျိုးစုံဖြင့် ရောင်းဝယ်ဖောက်ကားမှု ပြုကြရာ ရွှေတြိဂံဒေသကဲ့သို့သော နယ်မြေ တည်ရှိနေခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံသည် ဤတရားမဝင် ကုန်သွယ်မှုဒဏ်ကို အထူးတလည် ထိခိုက်ခံစားနေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံတွင် လုပ်သားဆင်အများအပြား ပိုင်ဆိုင်ထားသော အကြီးဆုံးအဖွဲ့အစည်းတစ်ခု ဖြစ်သည့် မြန်မာ့သစ်လုပ်ငန်း အပါအဝင် အစိုးရဌာန ၈ ခုနှင့် အေဂျင်စီများ ပူးပေါင်းပြီး မြန်မာ့ဆင်ထိန်းသိမ်းရေးလုပ်ငန်း အစီအစဉ်ကို ရေးဆွဲထားပြီးလည်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar