ရန်ကုန်
မြန်မာ့စီးပွားရေးတွင်အခြေခံအဆောက်အအုံများ၊စက်မှုလုပ်ငန်းများနှင့်လက်လီလက်ကားရောင်းဝယ်မှုကဏ္ဍ များသည် အကြီးမားဆုံး အကျိုးအမြတ်ဖြစ်ထွန်းမည်ဟု စီးပွားရေးအစီရင်ခံစာတစ်ခုတွင်ဖော်ပြထားသည်။
၂၀၁၈-၂၀၁၉ တွင် ၆ဒသမ၄ရာခိုင်နှုန်းမှ၂၀၁၉-၂၀၂၀တွင် ၆ဒသမ၈ရာခိုင်နှုန်းတက်လာမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။
ကမ္ဘာကျော်စာရင်းအင်းအဖွဲ့တစ်ခုဖြစ်သော ICAEW (The Institute of Chartered Accountants in England and Wales) ကနောက်ဆုံး ထွက်ရှိထားသော Economic Update: South-East Asia အစီရင်ခံစာတွင်ဖော်ပြထားခြင်းဖြစ်သည်။
သို့သော်မြန်မာ့စီးပွားရေးတိုးတက်မှုကိုနှောင့်နှေးစေသည့်အချက်များမှာ အမေရိကန်-တရုတ် ကုန်သွယ်မှုပြဿနာ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများပါဝင်ကြောင်းအစီရင်ခံစာကဖော်ပြသည်။
လက်ရှိတွင် ခရီးသွားလုပ်ငန်း ကဏ္ဍမှာ ယင်း၏ အကျိုးဆက်များကို ခံစားနေရကာ ၂၀၁၅ ခုနှစ်နှင့် ယှဉ်ပါက နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုမှာ ၂၅% လျော့နည်းသွားခဲ့သည်။ အခြားသော သက်ရောက်မှုများ ထဲတွင် EU နှင့် လုပ်ဆောင် နေသည့် အထူးကုန်သွယ်မှုများ ဆုံးရှုံးခြင်းများ ပါဝင်နိုင်ပြီး အဝတ်အထည်တင်ပို့မှုများအတွက် များစွာ ထိခိုက်နိုင်ဟုအစီရင်ခံစာကဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားကောင်းလာခြင်း၏ အကျိုးဆက်အဖြစ် စီးပွားရေး လုပ်ကိုင်မှု အခြေအနေများနှင့် အခွန်စနစ်များ၊ နယ်ခြားကုန်သွယ်မှု သဘောတူညီချက် စနစ်များကိုပါ ရှင်းလင်း တိုးတက်စေရန် လုပ်ဆောင်ရမည်ဟုအကြံပြုသည်။ ရေရှည်အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ အခြေခိုင်စွာ လုပ်ဆောင်နိုင်ရန်အတွက် အခြေခံစနစ်များနှင့် စည်းမျဉ်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိကြောင်းသတိပေးသည်။
၂၀၁၇-၁၈ ခုနှစ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) သည် အမေရိကန်ဒေါ်လာ ၅ဒသမ ၇ ဘီလျံအထိ ၁၄% ကျဆင်းသွားခဲ့သည်။
မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ပြောကြားချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ (FDI inflows) သည် ၂၀၁၉ ခုနှစ် သြဂုတ်လအထိ အမေရိကန်ဒေါ်လာ ၃ဒသမ၅ ဘီလီယံအထိ မြင့်တက်လာပြီး လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စက်မှုလုပ်ငန်း၊ထုတ်ကုန်ကဏ္ဍများတွင်ပိုမိုမြှုပ်နှံကြသည်။ ပြည်တွင်း စီးပွားရေးတွင် အခြေခံအဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံမှုများသည် လာမည့် ၁၈ လ အတွင်း ပိုမိုတိုးတက် လာမည်ဟု ခန့်မှန်းထားသည်။
“အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ၊ ထုတ်ကုန်နဲ့လက်လီလက်ကား ရောင်းချရေးတွေ မြင့်တက်လာချိန်မှာ စီးပွားရေး အခြေအနေအများကြီး တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံရဲ့ လုပ်အားခ သက်သာမှုကြောင့် အပြည့်အဝ တဟုန်ထိုး မြင့်တက်လာရမယ့် စီးပွားရေးကဏ္ဍကို ဆုတ်ယုတ်စေနိုင်မယ့် အချက်တွေကိုလည်း ဂရုပြု သတိထားနေပါတယ်” ဟု ICAEW ၏ တရုတ်နှင့် အရှေ့တောင်အာရှဆိုင်ရာ Regional Director ဖြစ်သူ Mark Billington က ပြောသည်။
အမေရိကနှင့် တရုတ်စီးပွားရေးစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ဒေသတစ်ခုလုံးအတွက် စီးပွားရေး တိုးတက်မှုသည် ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း ၄% အထိ ရောက်ရှိသွားသဖြင့် ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက် တိုးတက်မှု ၄.၅% နှင့် ယှဉ်ပါကကျဆင်းသွားသည်။
ပြည်ပကုန်တင်ပို့မှုများ အရှိန်ကျဆင်းမှုသည် ကုန်သွယ်မှုပေါ် မှီတည်နေသော နိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်းနှင့် ဖိလစ်ပိုင်တို့၏ စီးပွားရေးတိုးတက်မှုကို များစွာ ထိခိုက်မှုရှိစေသည်။ တစ်ချိန်ထဲမှာပင် မလေးရှား နှင့် ဗီယက်နမ်တို့သည် ပြည်ပကုန်တင်ပို့မှုနှင့် ပြည်တွင်းဝယ်လိုအားများ တိုးတက်လာခြင်းကြောင့် ဒေသတွင်းနိုင်ငံများအနက် စီးပွားရေးကောင်းမွန်သော နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။
ICAEW ၏ စီးပွားရေးဆိုင်ရာအကြံပေးနှင့် Oxford Economics ၏ အာရှဆိုင်ရာထိပ်တန်း စီးပွားရေး ပညာရှင် ဖြစ်သည့် Sian Fenner က “လက်ရှိမှာ တကမ္ဘာလုံး ဖြစ်နေတဲ့ စီးပွားကျဆင်းမှုနဲ့ US-China ကုန်သွယ်မှုစစ်ပွဲရိုက်ခတ်မှုတွေကြောင့် အာရှဒေသတွင်းမှာ စီးပွားရေးအခြေအနေတွေ ပိုဆိုးလာမယ် လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်”ဟုပြောသည်။
အထူးသဖြင့် ကုန်သွယ်မှုပေါ်မှီတည်နေသည့် စီးပွားရေးများဖြစ်ပြီး ခြုံငုံသုံးသပ်ပါက အရှေ့တောင်အာရှ၏ စီးပွားရေးတိုးတက်မှုညွှန်းကိန်းသည်ယခုနှစ်တွင် ၄ဒဿမ၅ရာခိုင်နှုန်းခန့် ထိန်းနိုင်မည်ဟုမျှော်မှန်းပြီး ၂၀၂၀ တွင်လည်း အဆိုပါနှုန်းအတိုင်း တည်ငြိမ်နေမည်ဟု၎င်းကယူဆသည်။