မြန်မာ့စီးပွားရေး အလားအလာကောင်းသော်လည်း အန္တရာယ် စိန်ခေါ်မှုများကို ထိရောက်စွာ ကိုင်တွယ်ရန် ကမ္ဘာ့ဘဏ် တိုက်တွန်း

ကျော်လင်းထွန်း

မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာမှာ အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကာ  ယင်းတို့ကို ထိထိရောက်ရောက် ကိုင်တွယ်ခြင်း မပြုပါက စီးပွားရေး၏ အနာဂတ်အလားအလာအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေ၊ အလားအလာများနှင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် မူဝါဒ အကြုံပြုချက်များအား လေ့လာသုံးသပ် ရေးသားထားသော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာ (Myanmar Economic Monitor) ထဲတွင် ကမ္ဘာ့ဘဏ်က တိုက်တွန်းထားခြင်းဖြစ်သည်။ အဆိုပါအစီရင်ခံစာသစ်ထုတ်ပြန်သည့် အခမ်းအနားကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ရုံး၌ မေ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မရေရာမှုများကြားမှ ဖွံ့ဖြိုးလာနေသည်ဟုဆိုသည်။ ၂၀၁၆-၁၇ ကာလအတွင်း အနည်းငယ် အရှိန်နှေးသွားခဲ့သည့် မြန်မာ့စီးပွားရေးသည် ၂၀၁၇-၁၈ ကာလအရောက်တွင် ပြည်တွင်း၊ ပြည်ပ မရေရာမသေချာသော အခြေအနေများကြားမှပင် အကောင်းဘက်တွင် ရှိနေဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

ငွေကြေးဖောင်းပွမှုနှုန်း လျော့ပါးလာပြီး ပြည်ပပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အားကောင်းလာသောကြောင့် ကျပ်ငွေတန်ဖိုး အနည်းငယ် ခိုင်မာလာခဲ့သည်ဟုလည်း ဆိုသည်။

“စီးပွားရေးတိုးတက်မှုနှုန်း ပြန်ကောင်းမွန်လာခြင်းနဲ့ မေခရိုစီးပွားရေး အခြေအနေတွေ တိုးတက်လာတာက အင်မတန် အားတက်စရာပါ။ မြန်မာအစိုးရဟာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development) ကို အပြီးသတ် ရေးဆွဲနေပါတယ်။ ဒါကလည်း တိုင်းပြည်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့် ဆောင်ရွက်နိုင်ဖို့၊ ငွေရေးကြေးရေးကဏ္ဍကို ခေတ်မီလာစေဖို့၊ တိုင်းပြည်ရဲ့ အလုံးစုံ ပါဝင်နိုင်တဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအပေါ် ခြိမ်းခြောက်နေတဲ့ ပဋိပက္ခတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့ လမ်းပြမြေပုံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး အယ်လင်ဂိုးလ်စတိန်းက ပြောကြားသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အကောင်းဘက်တွင်သာ ရှိနေပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၆-၁၇ ကာလက ခုနစ် ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂၀၁၇-၁၈ တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၈-၁၉ တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

စိုက်ပျိုးရေး အခြေအနေ ပြန်လည်ကောင်းမွန်လာခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာသကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တည်ငြိမ်လာခြင်း စသည်တို့ကြောင့် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၆-၁၇ ကာလတွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းကို ရောက်ရှိခဲ့ကြောင်း သိရသည်။ ဘဏ်လုပ်ငန်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင်မူ မရေရာမှုများကြောင့် အနည်းငယ် နှေးကွေးမှု ရှိခဲ့သည်ကို တွေ့ရှိရကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.