မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာ၊ ပြုပြင်ပြောင်းလဲမှုများ ထပ်မံ လိုအပ်နေသေး – အိုင်အမ်အက်ဖ်

မြန်မာ့စီးပွားရေးမှာ ပြန်လည်ကောင်းမွန်သည့်ဘက်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း တိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်ရန် ဒုတိယအကျော့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသေးသည်ဟု နိုင်ငံတကာငွေကြေး ရန်ပုံငွေ အဖွဲ့(အိုင်အမ်အက်ဖ်)က ပြောကြားလိုက်သည်။

ယေဘုယျအားဖြင့် အကောင်းဖက်သို့ ရောက်နေသည်ဆိုသည့် အိုင်အမ်အက်ဖ်၏ အကဲဖြတ်ချက်တွင် ၂၀၁၇-၁၈ ခုနှစ်၌  စီးပွားရေး တိုးတက်နှုန်းမှာ ၆ ဒသမ ၇ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားရာ လက်ရှိ ၂၀၁၆-၁၇ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိနေရာမှ မြင့်တက်လာခြင်းဖြစ်သည်။ သို့သော်လည်း ရခိုင်အကျပ်အတည်းကြောင့် ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတွင် ထိခိုက်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

အဆိုပါ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ရန်ကုန်၌ အိုင်အမ်အက်ဖ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် ပထမနှစ်တွင် စိန်ခေါ်မှုများ ရှိခဲ့သည်ဟု မြန်မာနိုင်ငံရှိ အိုင်အမ်အက်ဖ်အဖွဲ့ အကြီးအကဲ မစ္စတာ ရှာနာကာပေးရစ်က ပြောကြားသည်။

၂၀၁၆-၁၇ ခုနှစ်တွင် ရှိခဲ့သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၉ ရာခိုင်နှုန်းမှာ မျှော်မှန်းသည်ထက် နိမ့်ကျနေပြီး ထိုသို့ဖြစ်ရခြင်းမှာ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်အားနည်းခြင်းအပြင် ရန်ကုန်ရှိ ဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအချို့ ယာယီရပ်ဆိုင်းခြင်းကြောင့်ဖြစ်သည်ဟု ၎င်း၏ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးမှာ ၂၀၁၆-၁၇ ခုနှစ်တွင် တည်ငြိမ်မှုရှိခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ အလွန်အကျွံ မဟုတ်သည့် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိနေသည်။ ထို့အပြင် လက်ရှိလိုငွေမှာလည်း ဂျီဒီပီ၏ ၃ ဒသမ ၉ ရာခိုင်နှုန်းခန့်သို့ ကျဆင်းနေသည်။ ၂၀၁၅-၁၆ ခုနှစ်က ၅ ဒသမ ၁ ရာခိုင်နှုန်းအထိရှိခဲ့သည်ဟု ပေးရစ်ကပြောသည်။

ကာလလတ် မေခရိုစီးပွားရေးအမြင်မှာ ကောင်းမွန်နေပြီး စီးပွားရေးတိုးတက်နှုန်း ၆ ဒသမ ၇ ရာခိုင်နှုန်း မျှော်လင့်ရခြင်းမှာ အဓိကအားဖြင့် စိုက်ပျိုးရေးကဏ္ဍနှင့် ပို့ကုန်များ ပြန်လည် ကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ယခုဘဏ္ဍာရေးနှစ်၏ နှစ်ဝက်တွင် မျှော်မှန်းထားသည့် ပိုမိုမြင့်မားသည့် ဘဏ္ဍာရေးသုံးစွဲမှုကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပေးမည်ဖြစ်သည်။

“ဒါပေမဲ့ ကာလတို စီးပွားရေးတိုးတက်မှုလမ်းကြောင်းဟာ ယခင်က ခန့်မှန်းထားတာထက် အတန်အသင့် အားနည်းနေတာကတော့ ရခိုင်ပြည်နယ် အကြပ်အတည်းနဲ့ ပတ်သက်တဲ့ မရေရာမှုတွေ၊ အထူးသဖြင့် ခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းရင်းနှီးမြုပ်နှံမှုမှာ ဦးမော့လာမှုကို ထိန်းချုပ်ခံရတဲ့ သဘောရှိနေလို့ပါ” ဟု ပေးရစ်ကဆိုသည်။

အားနည်းရခြင်းမှာ စွန့်စားရသည့် အန္တရာယ်ရှိခြင်းတို့ကြောင့်ဖြစ်ပြီး ရခိုင်အကြပ်အတည်းလည်း ပါဝင်သည်ဟု ၎င်းက ပြောသည်။ “ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်တွင်းပဋိပက္ခနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြောင့် တိုက်ရိုက် စီးပွားရေးသက်ရောက်မှုမှာ ယခုအချိန်အထိ အများအားဖြင့် အကန့်အသတ်ဖြင့်သာရှိနေပေမယ့် ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံသူတို့ရဲ့ စိတ်ပါဝင်စားမှုအပေါ် ထိခိုက်မှုရှိနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

နောက်ထပ်အန္တရာယ်ရှိသည့်အချက်မှာ ဘဏ်လုပ်ငန်းကဏ္ဍဖြစ်ပြီး ယင်းကဏ္ဍလျင်မြန်စွာ တိုးတက်လာပြီးနောက် အရေးကြီးသော စည်းမျဉ်းသစ်များကို ညှိနှိုင်းပြုပြင်ရန် လိုအပ်နေသည်။ “ပိုမိုအသေးစိတ်ကျတဲ့ မဟာဗျူဟာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ခြင်းနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ ပိုမိုမြင့်မားတဲ့ ရင်းနှီးမြုပ်နှံမှု စီးပွားရေး တိုးတက်မှု အလားအလာကို မြင့်မားစေမှာဖြစ်ပါတယ်” ဟုလည်း ပေးရစ်ကပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖြေလျှော့မှု ကနဦးအဆင့်မှာ အထင်ကြီးလောက်သည့် တိုးတက်မှု တာလွှတ်ခြင်းနှင့် ဆင်းရဲမွဲတေမှု လျှော့ချခြင်းကို ဖြစ်စေသော်လည်း အရှိန်အဟုန်ကို ထိန်းထားနိုင်ရန်အတွက် ဒုတိယအကျော့ ပြုပြင်ပြောင်းလဲများ ပြုလုပ်ရန် လိုအပ်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

စိုက်ပျိုးရေး၊ ဘဏ်စနစ်နှင့် အတိုးနှုန်း တဖြည်းဖြည်းလျှော့ချခြင်း၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေး၊ သယံဇာတ စီမံခန့်ခွဲမှု၊ တရားရေးမူဘောင်တို့အပြင် ကုမ္ပဏီအက်ဥပဒေကို ပြင်ဆင်ချက်များကတဆင့် ပြည်ပနှင့် ဖက်စပ်လုပ်ငန်းများ ဖွင့်လှစ်ပေးခြင်းတို့နှင့် ပတ်သက်သည့် ပြုပြင်ပြောင်းလဲရေးများကို အဓိထားပြုလုပ်သင့်သည်ဟု တိုက်တွန်းထားသည်။

အကြွေးများရှိနေပြီး လိုငွေအတွက် ဗဟိုဘဏ်က ငွေကြေးဖြည့်ဆည်းမှုကို လျှော့ချနေစဉ် ဘဏ္ဍာရေးပေါ်လစီသည် ၂၀၁၅ ခုနှစ်က ကုလအဖွဲ့ဝင်နိုင်ငံများကျင့်သုံးသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ရရှိရန် ရည်ရွယ်သင့်သည်ဟု ပေးရစ်က ပြောသည်။

လူမှုရေးအသုံးစရိတ်များ တိုးမြင့်ခြင်းနှင့် မကြာသေးမီက ဒေသဆိုင်ရာ မတူကွဲပြားမှုများကို ကိုင်တွယ်ရန်၊ အထူးသဖြင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး၊ ပြည်နယ်သို့ ပြန်လာသူများကို ပြန်လည်ကုစားပေးရေးတို့အတွက် အသုံးစရိတ် ပိုမိုချပေးခြင်းတို့ကို ကြိုဆိုကြောင်းလည်း ၎င်းကပြောသည်။

ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲများနှင့် ဘတ်ဂျက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေသော နိုင်ငံတော် စီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် လျပ်စစ်ဓါတ်အားနှင့် ဘဏ္ဍာရေးကဏ္ဍကို ပြန်လည်ဖွဲ့စည်းတို့အား အထူးအာရုံစိုက် ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ပေးရစ်ကပြောသည်။

နိုင်ငံပိုင်ဘဏ်များကို ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်နှင့်အတူ ပြည်လည်ဖွဲ့စည်းသင့်ပြီး ဓါတ်အားခ နှုန်းထားများကိုလည်း ဆင်းရဲသားများအပေါ် ထိခိုက်မှုလျော့နည်းသည့်နည်းဖြင့် အရှုံးခံ စိုက်ထုတ်နေမှုကိုလည်း အမျှော်အမြင်ရှိစွာ ပြုပြင်သင့်သည်ဟုဆိုသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.