စင်ကာပူနိုင်ငံသို့ လာရောက်လည်ပတ်သည့် မြန်မာခရီးသည်အရေအတွက်ကို ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် နှစ်ဆတိုးလာစေရန် စင်ကာပူနိုင်ငံက မေ ျှာ်မှန်းထားသည်။
“၂၀၁၆ ခုနှစ် ပထမ ခုနစ်လအတွင်းမှာ ရရှိခဲ့တဲ့ တိုးတက်မှုနှုန်း ၇ ဒသမ ၈ ရာခိုင်နှုန်းထက်ပိုမိုပြီး မြန်မာဧည့်သည်တွေ စင်ကာပူကို လာရောက်ကြမယ်လို့ မေ ျှာ်လင့်ထားပါတယ်” ဟု စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ အရှေ့တောင်အာရှဒေသဆိုင်ရာ အမှုဆောင်ဒါရိုက်တာ Mr Edward Koh က ရန်ကုန်တွင် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်နေ့များက ကျင်းပခဲ့သည့် စင်ကာပူပွဲတော်တွင် ပြောကြားခဲ့သည်ဟု Channel News Asia သတင်းဌာနက ရေးသားထားသည်။
“လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ တိုးတက်မှုနှုန်းက အနည်းဆုံး ဂဏန်းနှစ်လုံး ရှိမယ်ဆိုရင် မြန်မာနိုင်ငံသား နှစ်သိန်းခွဲလောက် စင်ကာပူကို နှစ်စဉ်လာရောက် လည်ပတ်ကြတာကို ကျွန်တော်တို့ တွေ့ကြုံရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။
၂၀၁၅ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံသား ၁၀၅,၀၀၀ ခန့် စင်ကာပူနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
လာမည့် ဒီဇင်ဘာလမှ စတင်ကာ စင်ကာပူနှင့် မြန်မာနိုင်ငံသားများသည် ဗီဇာမလိုအပ်ပဲ ရက် ၃၀ အထိ သွားရောက်လည်ပတ်ခွင့် ရရှိမည်ဖြစ်သည်။
“ဒီနှစ် ဒီဇင်ဘာလမှာ ဗီဇာကင်းလွတ်ခွင့်ရရှိတာနဲ့အတူ နှစ်နိုင်ငံအကြား အလည်အပတ်နဲ့ စီးပွားရေးကိစ္စတွေအတွက် အပြန်အလှန် သွားရောက်လည်ပတ်မှု တိုးတက်လာတာကို တွေ့ရှိရလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး ရောဘတ်ချွာကလည်း ပြောကြားခဲ့သည်။