အေအက်ဖ်ပီ
မြန်မာအိမ်အကူတစ်ဦးအား ရေနွေးပူဖြင့် မိမိကိုယ်မိမိ လောင်းစေခြင်းနဲ့ ကြမ်းခင်းဆေးကြောရည်တွေရောထားတဲ့ ရေတွေကို သောက်စေခြင်းတွေအပါအဝင် နှိပ်စက်မှုတွေ ကျူးလွန်ခဲ့မှုအတွက် စင်ကာပူအမျိုးသမီးတစ်ဦးမှာ အပြစ်ရှိတယ်လို့ တရားရုံးက ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။
အိမ်အကူအဖြစ် လုပ်ကိုင်နေသူ မဖြူဖြူမာကို နှိပ်စက်မှုတွေဟာ သူ့ကိုအလုပ်ခန့်ထားတဲ့ စင်ကာပူဇနီးမောင်နှံရဲ့ အိမ်မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်ကနေ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တယ်လို့ တရားရုံးစာရွက်စာတမ်းတွေအရ သိရပါတယ်။
နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ Linda Seah အပေါ် စွဲချက်ခြောက်ခုနဲ့ အသေးစိတ်ဖော်ပြထားပါတယ်။ အဲဒီထဲမှာ “ကိုယ်ကိုကိုယ် နာကျင်စေဖို့အတွက်” ရေနွေးပူတွေကို အိမ်အကူရဲ့ ဘယ်ဘက်ပုခုံးပေါ်ကနေ အတင်းလောင်းချစေခဲ့တဲ့ ဖြစ်စဉ်နှစ်ခုလည်း ပါဝင်ပါတယ်။
အိမ်အကူဖြစ်သူ အလုပ်လုပ်တာနှေးတဲ့အတွက် အသက် ၃၉ နှစ်ရှိ Seah က အမြင်မကြည်လင်ခဲ့ဘူးလို့ The Strait Times သတင်းစာက ရေးသားထားပါတယ်။
အိမ်အကူဖြစ်သူရဲ့ အရေပြားပေါ်မှာ အပူလောင်ဒဏ်ရာနဲ့ အရည်ကြည်ဖုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါပေမယ့် ဆရာဝန်ဆီကို ပို့မပေးဘ အရည်ကြည်ဖုတွေကို ထိုးဖောက်ဖို့အတွက် အပ်တစ်ချောင်းကိုသာ Seah က ပေးခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။
”ကြမ်းပြင်ကို ခေါင်းနဲ့စောင့်စေခြင်းအားဖြင့်”ကိုယ့်ကိုကိုယ်နာကျင်အောင် ပြုလုပ်ဖို့ Seah က အိမ်အကူကို ပြောကြားခဲ့တယ်လို့ နောက်ထပ်စွဲချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ “ကြမ်းခင်း ဆေးကြောရည်တွေနဲ့ ရောနှောထားတဲ့ရေ” ကို သောက်ဖို့ Seah က အိမ်အကူ အတင်းခိုင်းစေခဲ့တယ်လို့လည်း နောက်ထပ်စွဲချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလနှောင်းပိုင်းမှာတော့ Seah ဟာ အိမ်အကူရဲ့ ဆံပင်တွေကို ဆွဲဆောင့်ပြီးနှိပ်စက်ခဲ့တယ်လို့ နောက်ထပ်စွဲချက်မှာ ဖော်ပြထားပါတယ်။ “ဆံပင်အတော်များများ ကျွတ်ကုန်တဲ့အထိ ဆွဲခါနေခဲ့တယ်” လို့ ဆိုပါတယ်။
နောက်တစ်လအကြာမှာတော့ အိမ်အကူရဲ့ခေါင်းကို Seah က မိုဘိုင်းဖုန်းနဲ့ ထပ်တလဲလဲ ရိုက်နှက်ခဲ့ပါတယ်။
အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၄ နှစ်အရွယ်ရှိ Lim Toon Leng ကိုလည်း အိမ်အကူရဲ့နှဖူးကို လက်သီးနဲ့ ထိုးမှုနဲ့ စွဲချက်တင်ထားပါတယ်။
“စွပ်စွဲခံရသည့် ပုဂ္ဂိုလ်များမှာ စွဲချက်များအတွက် အပြစ်ရှိသည်” လို့တရားရုံး တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ အိမ်အကူ ၂၅၀,၀၀၀ ခန့်ရှိပြီး အများစုဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့က ဖြစ်ကြပါတယ်။ သူတို့ဟာ လစာကောင်းကောင်းရရှိဖို့အတွက် ချမ်းသာကြွယ်ဝတဲ့ စင်ကာပူကို ရောက်ရှိလာကြတာဖြစ်ပါတယ်။