မြန်မာအရပ်ဖက်အဖွဲ့များက ပြင်းထန်စွာ ဝေဖန်ပြီးနောက် ဖေ့စ်ဘွတ်ခ်က တောင်းပန်

အေအက်ဖ်ပီ

မြန်မာနိုင်ငံတွင် ပျံ့နှံ့နေသည့် အမုန်းစကားများအပေါ် ထိန်းချုပ်မှုနှင့် ပတ်သက်သည့် ဖေ့စ်ဘွတ်ခ် (Facebook) ၏ မူဝါဒမှတ်တမ်းကို မာ့ခ်ဇူကာဘက်က ကာကွယ်နေမှုအား လွန်စွာ မကျေမနပ်ဖြစ်နေသည့် မြန်မာအရပ်ဖက် အဖွဲ့အစည်းများကို ဖေ့စ်ဘွတ်ခ်က ဧပြီ ၆ ရက်နေ့တွင် တောင်းပန်လိုက်သည်။

ဖေ့စ်ဘွတ်ခ်၏မူဝါဒသည် ရိုဟင်ဂျာမူစလင်များကို လူမျိုးစုရှင်းလင်းရေး စစ်ဆင်ရေးဆင်နွှဲသည်ဟု စွပ်စွဲခံနေရသည့် ဗုဒ္ဓဘာသာဝင်အများစုရှိသော မြန်မာနိုင်ငံတွင် လူ့အသိုင်းအဝိုင်းများကြား သွေးမြေကျ တိုက်ခိုက်မှုများကို မြင့်မားစေသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။

ယခုသီတင်းပတ်အတွင်း Vox သတင်းဝက်ဘ်ဆိုက်နှင့် ပြုလုပ်သည့် ဇူကာဘက်၏ အင်တာဗျူးကို ဝေဖန်သော အိပ်ဖွင့်ပေးစာတစ်စောင်ကို မြန်မာအဖွဲ့ခြောက်ဖွ့ဲက ဧပြီ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအင်တာဗျူးတွင် ဇူကာဘက်က ဖေ့စ်ဘွတ်ခ် မက်ဇင်ဂျာပေါ်တွင် မြန်မာဗုဒ္ဓဘာသာများနှင့် မူစလင်တို့နှစ်ဖက်စလုံးမှ သံသယနှင့် အမုန်းများပါဝင်သည့် အုတ်အော်သောင်းတင်းဖြစ်စေသည့် မက်ဆေ့များကို ကိုးကားပြောဆိုခဲ့သည်။ ယင်းသို့ဖြစ်နေမှုက အခြားနိုင်ငံတစ်ခုမှ ကြီးမားသည့် အကြမ်းဖက်မှုကို ဖြစ်စေနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော် ထင်တဲ့အတိုင်း ရှင်းနေတာပါ။ လူတွေက တကယ့်အန္တရာယ်ဖြစ်အောင်လို့ ကျွန်တော်တို့ရဲ့ ကိရိယာတွေကို သုံးဖို့ ကြိုးစားနေကြတာပါ။ ဒါကြောင့် အခုဆိုရင် ဒီလိုဖြစ်နေတာကို ကျွန်တော်တို့ရဲ့စနစ်တွေက စစ်ဆေးနေပါတယ်။ ဒီလို မက်ဆေ့မျိုးတွေကို ကျွန်တော်တို့ တားဆီးရပ်တန့်ပါတယ်” ဟု ဇူကာဘက်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ်၏စနစ်များ ထိရောက်မှုအပေါ် ဇူကာဘက်က ချီးကျူးကြောင်း ကြားသိရသည့်အခါ အံ့သြမိကြောင်း ပြည်တွင်းမှ နည်းပညာနှင့် လူ့အခွင့်အရေးအဖွဲ့ခြောက်ဖွဲ့က ၎င်းတို့၏ စာတွင် ရေးသားဖော်ပြထားသည်။ “မက်ဆေ့တွေ အရှိန်နဲ့ စပျံ့နေချိန်ကနေ ခင်ဗျားဆီ ရောက်ဖို့ လေးရက်ကျော်လောက်ကြာနေတယ်” ဟု အမုန်းသတင်းစကားများ ရပ်တန့်ရေး သတိပေးခဲ့သည့် အဖွဲ့အစည်းများက ပြောကြားသည်။

“ရပ်တန့်ဖို့နေနေသာသာ မကြံဖူးတဲ့နည်းနဲ့ကို ပျံ့နေတာ။ နိုင်ငံအနှံ့ကို ရောက်နေပြီး ကြောက်လှန့်စိုးရိမ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာ။ ဖြစ်စဉ်မှာ အနည်းဆုံး အကြမ်းဖက်မှုဖြစ်ရပ်သုံးခုပဲ” ဟု ရေးသားဖော်ပြထားသည်။

ဧပြီ ၆ ရက်နေ့တွင် ဖေ့စ်ဘွတ်ခ်ထံမှ တုန့်ပြန်ချက် တောင်းခံသောအခါ ဆူပူစေနိုင်သည့် မက်ဆေ့များနှင့် ပတ်သက်သည့် အစီရင်ခံမှုများကို တုံ့ပြန်ရာတွင် ကုမ္ပဏီအနေဖြင့် နှေးကွေးလွန်းနေကြောင်း ဖေ့စ်ဘွတ်ခ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဝန်ခံခဲ့သည်။

“အလွဲသုံးစားလုပ်တဲ့၊ အမုန်းပွားစေတဲ့၊ မှားယွင်းတဲ့ ရေးသားဖော်ပြချက်တွေကို စုံစမ်းတားဆီးဖို့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ နည်းပညာနဲ့ ကိရိယာတွေကို အဆင့်မြင့်အောင် မြန်မြန်ဆန်ဆန် ကြိုးစားလုပ်ဆောင်သင့်ပါတယ်” ဟု ထိုပြောခွင့်ရပုဂ္ဂိုလ်က အေအက်ဖ်ပီအား အီးမေးလ်မှတဆင့် ပြောကြားသည်။

“ဒီမက်ဆေ့တွေကို ပထမဆုံး သတင်းပို့ခဲ့တာက မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့တွေဆိုတာ မာ့ခ်က ပိုပြီး ရှင်းအောင် မပြောခဲ့ဘူး။ ကျွန်တော်တို့ စိတ်မကောင်းပါဘူး” ဟု ၎င်းကဆိုသည်။

ဖေ့စ်ဘွတ်ခ်အနေဖြင့် မြန်မာဘာသာဖြင့် ဆန်းစစ်စောင့်ကြည့်သူများကို ထပ်မံ ခေါ်ယူမည်ဖြစ်သလို မက်ဆင်ဂျာ ဝန်ဆောင်မှုမှ မက်ဆေ့များအကြောင်း သတင်းပို့နိုင်ရန် စတင်ဆောင်ရွက်ပေးမည်ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထပ်မံပြောကြားသည်။

ဖေ့စ်ဘွတ်ခ်သည် လူသိများသော ရိုဟင်ဂျာဆန့်ကျင်ရေးဘုန်းကြီး ဦးဝီရသူ၏ စာမျက်နှာအား ဇန်နဝါရီလနောက်ပိုင်းက ဖယ်ရှားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်ကလည်း မူစလင်များကို နှိမ့်ချခေါ်ဝေါ်သည့် ကုလားဆိုသည့် စကားလုံးသုံးစွဲမှုကို စည်းကမ်းသတ်မှတ် ကန့်သတ်ခဲ့သည်။

ဒေသတွင်းအုပ်စုများက ပူးတွဲရေးသားပေးပို့သော စာတွင် မြန်မာနိုင်ငံ၌ ပျံ့နှံ့နေသော အမုန်းတရားပြောဆိုမှုများနှင့် ကောလာဟလများအပေါ် ဖေ့စ်ဘွတ်ခ်၏ တုန့်ပြန်မှုများမှာ နှစ်များစွာကြာအောင် မလုံလောက်ခဲ့ကြောင်း၊ ကျယ်ပြန့်သော ဖြေရှင်းမှုများဖြင့် ကူညီရန် ၎င်းတို့၏ ကမ်းလှမ်းမှုကို မဖြေကြားခဲ့ကြောင်း ပြောကြားထားသည်။

လူမှုကွန်ယက်လုပ်ငန်းကြီးအနေဖြင့် မက်ဆင်ဂျာအပလီကေးရှင်းတွင် သတင်းပေးပို့နိုင်သည့် လုပ်ဆောင်ချက် ထည့်သွင်းပေးရန်၊ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်၊ ဒေသတွင်းအရေးပါသူများနှင့် ပိုမိုဆက်သွယ်ရန်၊ အကြိမ်ကြိမ်ကျူးလွန်သူများအား ဖော်ထုတ်ရေးအတွက် အဖွဲ့ထူထောင်ရန်လည်း တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် လူထုနှင့် အစိုးရဝန်ကြီးဌာနများအကြား အဓိကဆက်သွယ်ရေးလမ်းကြောင်းမှာ ဖေ့စ်ဘွတ်ခ်ဖြစ်လာပြီး အခြားသော လူမှုကွန်ယက်များထက် အင်အားပိုမိုကြီးမားနေသည်။ သို့ရာတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်ဖိနှိပ်ချုပ်ခြယ်မှုအောက်မှ ရုန်းထွက်ခါစ နုနယ်သောဒီမိုကရေစီနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုများအကြား အမုန်းတရားပွားများအောင် ကူညီနေသည်ဟု စွပ်စွဲတိုက်ခိုက်ခံနေရသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တပ်မတော်၏ သွေးထွက်သံယို စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ခုနစ်သိန်းခန့် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ရသည်။ ထို့နောက် ဖေ့စ်ဘွတ်ခ်က စိစစ်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီက ဖေ့စ်ဘွတ်ခ်သည် သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလာခဲ့ကြောင်း၊ ရိုဟင်ဂျာနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် အမုန်းတရားနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာအောင် လှုံ့ဆော်ရာတွင် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar