အမေရိကန်နိုင်ငံကနေ နှင်ထုတ်လိုက်တဲ့ နိုင်ငံသားတွေကို ပြန်လည်လက်ခံဖို့အတွက် ငြင်းဆိုတဲ့အတွက် မြန်မာနဲ့ လာအိုနိုင်ငံတို့အပေါ် ဗီဇာတင်းကြပ်မှုတွေ ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုက ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာနဲ့ လာအို နှစ်နိုင်ငံလုံးဟာ “အမေရိကန်ပြည်ထောင်စုထဲကနေ ထွက်ခွာဖို့ အမိန့်ပေးခံရတဲ့ ၎င်းတို့ နိုင်ငံသားတွေကို ပြန်လည် လက်ခံဖို့အတွက် အကြောင်းပြချက်မပေးပဲ ငြင်းဆန်နေတယ်၊ ဒါမှမဟုတ် နှောင့်နှေးနေတယ်” လို့ အမေရိကန် အမိမြေလုံခြုံရေးဌာနက ပြောတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။
အဲဒါကြောင့် အချို့သော ဗီဇာအမျိုးအစားတွေအပေါ် ကန့်သတ်မှုတွေ ဆောင်ရွက်ဖို့အတွက် မြန်မာနဲ့ လာအိုက ကောင်စစ်ဝန်ရုံးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။ ဒီလိုညွှန်ကြားချက်ဟာ အမိမြေလုံခြုံရေးဌာနရဲ့ ကောက်ချက်အပေါ် အခြေခံပြီး ဆောင်ရွက်တာဖြစ်ပါတယ်။
“မြန်မာနဲ့ လာအိုတို့က သင့်တော်တဲ့ တုန့်ပြန်မှုတွေ မရှိဘူးဆိုရင် ဒီလိုပိတ်ပင်မှုက ပိုမို ကျယ်ပြန့်လာမှာ ဖြစ်ပါတယ်” လို့ အမိမြေလုံခြုံရေးဌာနက ပြောပါတယ်။
ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်တဲ့ အမိမြေလုံခြုံရေးဌာနရဲ့ ကြေညာချက်အရ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက လက်ရှိ ညွန်ကြားရေးမှူးချုပ်အဆင့်အပါအဝင် ဝန်ကြီးအဆင့်ထိ အရာရှိကြီးအားလုံးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အလုပ်နဲ့ အလည်အပတ်ဆိုင်ရာ B1၊ B2 nonimmigrant ဗီဇာ ထုတ်ပေးမှုတွေကို ဇူလိုင် ၉ ရက်နေ့က စတင်ပြီး ချွင်းချက် အကန့်အသတ်နဲ့ ပိတ်ပင်မှာ ဖြစ်ပါတယ်။
အခုလို အရေးယူဖို့ ဆုံးဖြတ်ချက်မချမှတ်မီ အချိန်အထိ မြန်မာနဲ့ လာအိုနိုင်ငံတွေက အစိုးရ အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အမေရိကန်အစိုးရက သံတမန်ရေးအရ အပြန်အလှန် ဆွေးနွေးပြောဆို ကြိုးပမ်းခဲ့တယ်လို့ ဗီအိုအေသတင်းဌာနက ရေးထားသားပါတယ်။
မိမိတို့ရဲ့ နိုင်ငံသားတွေကို ပြန်ပြီးလက်ခံဖို့ ခရီးသွားလက်မှတ်၊ နိုင်ငံကူးလက်မှတ် စတာတွေကို ထုတ်ပေးဖို့ ငြင်းပယ်တဲ့ နိုင်ငံတွေကြောင့် အမေရိကန် လွှတ်တော်က ပြဌာန်းထားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဥပဒေအရ ဆောင်ရွက်တဲ့ အမေရိကန်အစိုးရရဲ့ ပြည်နှင်ဒဏ်ခတ်အရေးယူမှုကို အဓိပ္ပါယ် ကင်းမဲ့စေတယ်လို့လည်း အမိမြေလုံခြုံရေးဌာနက ပြောကြားတယ်လို့ ဆက်လက်ရေးသားထားပါတယ်။
ဒါအပြင် အခြားနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးခံရတဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်ပြီး လက်ခံရမယ်ဆိုတဲ့ နိုင်ငံတကာ သဘောတူစာချုပ်ပါ အချက်တွေကိုလည်း အဲဒီနိုင်ငံတွေက ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။