မြန်မာရဟတ်ယာဉ်နှင့် ဒရုန်းများ နယ်ကျော်လာဟု ဘင်္ဂလားဒေရှ့်ပြောကြား

စက်တင်ဘာ ၁၆

မြန်မာဘက်က ရဟတ်ယာဉ်တွေနဲ့ ဒရုန်း (လူလိုက်ပါခြင်းမရှိသည့် ယာဉ်ပျံ) တွေက ၎င်းတို့ရဲ့ ဝေဟင်ပိုင်နက်ထဲ ဝင်ရောက်ခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေရှ့်က ကန့်ကွက်ခဲ့တယ်လို့ အေအက်ဖ်ပီသတင်းမှာ ယနေ့ ရေးသားထားပါတယ်။

အခုလိုမျိုး ကျူးကျော်လာမှုကြောင့် မျှော်မှန်းမထားနိုင်တဲ့ အကျိုးဆက်တွေဖြစ်လာလိမ့်မယ်လို့ ဒါကာမြို့မှာရှိတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံရုံး ယာယီတာဝန်ခံကို ခေါ်ယူပြောကြားခဲ့တယ်လို့ သတင်းမှာ ဆက်လက်ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ တပ်မတော်က ARSA အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ ဆောင်ရွက်နေပါတယ်။ အဲလို စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့နဲ့ သွားလာရာခက်ခံတဲ့နေရာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေဆီ စားနပ်ရိက္ခာတွေ ပေးပို့ဖို့ တပ်မတော်က ရဟတ်ယာဉ်တွေ အသုံးပြုနေပါတယ်။

“စက်တင်ဘာ ၁၀၊ ၁၂ နဲ့ ၁၄ ရက်တွေမှာ မြန်မာစစ်တပ်ရဲ့ ဒရုန်းတွေနဲ့ ရဟတ်ယာဉ်က ဝေဟင်ပိုင်နက်ထဲ ဝင်ရောက်လာတဲ့ဖြစ်စဉ်တွေကို ဘင်္ဂလားဒေရှ့်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ဝေဟင်ပိုင်နက်ထဲ မြန်မာတပ်မတော်က လေယာဉ်ပျံတွေ ကျူးကျော်ဝင်ရောက်လာတယ်လို့ သြဂုတ်လကုန်နဲ့ ယခုလအစောပိုင်းတုန်းကလည်း စွပ်စွဲခဲ့ဖူးပါတယ်။ သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်နေ့တွေမှာ မြန်မာတပ်ဖွဲ့ဝင်တွေနဲ့ လောယာဉ်တွေက ဘင်္ဂလားဒေရှ့်နယ်မြေတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေရှ့်က ပြောကြားခဲ့ပေမယ့် မြန်မာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ငြင်းဆိုခဲ့ပါတယ်။

သြဂုတ် ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်ကို ARSA က တစ်ပြိုင်နက်အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေကို တပ်မတော်က ဆောင်ရွက်နေပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar