မြန်မာများအား ထိုင်းတောင်ပိုင်းတွင် စွန့်ပစ်ခဲ့သည့် လူကုန်ကူးသူများကို ရဲက ရှာဖွေနေ

ဘန်ကောက်

ဒေသတွင်း လူကုန်ကူးလမ်းကြောင်း၏ အဓိက ရပ်နားရာနေရာတစ်ခုဖြစ်သည့် ထိုင်းတောင်ပိုင်းတွင် ရွှေ့ပြောင်း မြန်မာနိုင်ငံသား ၃၅ ဦးကို စွန့်ပစ်ခဲ့သူများအဖြစ် သံသယရှိသည့် လူကုန်ကူးသူများကို ရှာဖွေလျက်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က မေ ၅ ရက်နေ့က ပြောကြားသည်။

အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦးပါဝင်သည့် အဆိုပါမြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ၊ နာခွန်သမ်မာရတ်ပြည်နယ်တွင် မေ ၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် နိုင်ငံကူးလတ်မှတ်နှင့် ဗီဇာများလည်း မပါရှိဟု ပြည်နယ်ရဲတပ်ဖွဲ့မှူး ဝန်ချာအကေပေါန်ပစ်ချ်က အေအက်ဖ်ပီကို ပြောကြားသည်။ ၎င်းတို့မှာ မလေးရှားသို့ သွားရန်ဖြစ်သည်ဟုဆိုသည်။ မလေးရှားရှိ ရာဘာနှင့် ဆီအုန်းစိုက်ခင်းများတွင် အလုပ်ရမည်ဟု ၎င်းတို့အား လူကုန်ကူးသူများက ကတိပေးခဲ့သည်ဆိုသည်။

“သူတို့ရဲ့ယာဉ်မောင်းက သူထမင်းဟင်းတွေသွားဝယ်မလို့ စောင့်နေဖို့ သူတို့ကို ပြောတယ်။ ဒါပေမဲ့သူက ထွက်ပြေးသွားတယ်” ဟု အကေပေါန်ပစ်ချ်က ပြောသည်။

အဆိုပါအမျိုးသားနှင့် အမျိုးသမီးများမှာ ရိုဟင်ဂျာများမဟုတ်ကြဟုလည်း ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ၎င်းတို့သည် ထိုင်းတောင်ပိုင်းသို့ ကုန်တင်ကားဖြင့် ရောက်မလာမီ ထိုင်းအနောက်ပိုင်းသို့ ကုန်းလမ်းခရီးမှ ဝင်ရောက်ခဲ့ြခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကို ၎င်းတို့ပြောကြားခဲ့သည်။

ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ မြန်မာဒုက္ခသည်များ၊ ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာကို နှစ်ပေါင်းများစွာ ပို့ဆောင်ပေးနေသော လူကုန်ကူးဂိုဏ်းများကို ထိုင်းအာဏာပိုင်များက နှိမ်နင်းပြီးနောက်ပိုင်း အဆိုပါလမ်းကြောင်းကို ပိုမိုအသုံးပြုလာကြသည်။ မလေးရှားနိုင်ငံသို့ မဝင်ရောက်မီ လူကုန်ကူးခံရသူများမှာ ထိုင်းနိုင်ငံ၏ တောတွင်းစခန်းများတွင် ချုပ်နှောင် ထိန်းသိမ်းခံရလေ့ရှိပြီး ဆွေမျိုးများက ပြန်ပေးရွေးငွေ မပေးမချင်း ရိုက်နှက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းနှင့် နှိပ်စက်ခံရခြင်းတို့ ကြုံရလေ့ရှိသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မကြာသေးမီက အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံက လူမှောင်ခိုဂိုဏ်းများကို နှိမ်နင်းပြီးနောက်ပိုင်း အန္တရာယ်ကြီးမားသည့် ပင်လယ်ဖြတ်ကျော် လူမှောင်ခိုကူးခြင်းများ သိသိသာသာ လျော့နည်းသွားသည်ဟု ဆိုသည်။ ဖြတ်ကျော်မှုအချို့ရှိခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် အတည်ပြုနိုင်သည့် သတင်းမရှိခဲ့ဟု UNHCR က ပြောကြားခဲ့သည်။ သို့သော် ရိုဟင်ဂျာထက်ဝက်ခန့် ပါဝင်သော မြန်မာ ၁၀၀ ကျော် မလေးရှားသို့ ကုန်းလမ်းမှ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ၎င်းတို့က ပြောကြားသည်။

ထိုင်းနိုင်ငံက အချိန်နှောင်းမှ ဆောင်ရွက်ခဲ့သည့် အဆိုပါ လူမှောင်ခိုဂိုဏ်းများ နှိမ်နင်းမှုတွင် ဒေသခံအရာရှိများနှင့် စစ်တပ်မှ အကြီးတန်း ဗိုလ်ချုပ်တစ်ဦးအပါအဝင် လူကုန်ကူးမှုဖြင့် သံသယရှိသူ ၈၀ ကျော်ကို တရားစွဲဆိုနိုင်ခဲ့သည်။

တရားခွင်တွင် စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေသော်လည်း မီဒီယာများကို သတင်းယူခွင့်ပိတ်ပင်လိုက်သဖြင့် ပွင့်လင်းမြင်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်မားနေသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar