မြန်မာပြည်မှ မိုဘိုင်းဖုန်းအသုံးပြုသူ ၂၁ ရာခိုင်နှုန်းက Facebook ကို နေ့စဉ်အသုံးပြုနေ

မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ မိုဘိုင်းဖုန်းအသုံးပြုသူ ၂၁ ရာခိုင်နှုန်းသည် လူမှုကွန်ယက်ဖြစ်သည့် Facebook ကို နေ့စဉ်အသုံးပြုနေကြသည်ဟု မကြာသေးမီက ကောက်ယူခဲ့သည့် အိုင်စီတီ စစ်တမ်းတစ်ခုအရ သိရသည်။

ထိုစစ်တမ်းအရ နောက်ထပ် ၁၄ ရာခိုင်နှုန်းမှာမူ ထိုထက်အနည်းငယ်လျော့၍ Facebook ကို အသုံးပြုနေကြသည်ဟုဆိုသည်။

အဆိုပါ မြန်မာအိုင်စီတီ အခြေခံစစ်တမ်းကို LIRNEasia နှင့် ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) ၏ ကြီးကြပ်မှုဖြင့် Third Eye Co.ltd က ကွင်းဆင်းကောက်ယူခဲ့ခြင်းဖြစ်သည်ဟု LIRNEasia က သတင်းထုတ်ပြန်ခဲ့သည်။ စစ်တမ်းကောက်ယူရာတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံအနှံ့ရှိ အသက် ၁၅ နှစ်မှ ၆၉ နှစ်အတွင်းရှိ လူပေါင်း ၇,၅၀၀ ဦးကို မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်သည်။

LIRNEasia ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Helani Galpaya က “မြန်မာနိုင်ငံရှိ ပြည်သူများနှင့် ဆက်သွယ်ရန် Facebook ကို အသုံးပြုခြင်းကလည်း အလွန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်” ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံတွင် Facebook အသုံးပြုသူ ၁၁ သန်းခန့်ရှိသည်ဟု Internet World Stats ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

ယခု ထုတ်ပြန်ခဲ့သည့် မြန်မာအိုင်စီတီ အခြေခံစစ်တမ်းကောက်ယူခဲ့သည့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လအထိ မြန်မာနိုင်ငံရှိ ပြည်သူများ အသုံးပြုကြသည့် မိုဘိုင်းဖုန်း ဟန်းဆက်အမျိုးအစားများ၏ ၇၈ ရာခိုင်နှုန်းမှာ အင်တာနက် အသုံးပြုနိုင်သည့် smartphone အမျိုးအစားများဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ smartphone အသုံးအများဆုံးနိုင်ငံများထဲတွင် အမေရိကန်နိုင်ငံနီးပါး smartphone အသုံးပြုသည့် နိုင်ငံဖြစ်သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အိမ်ထောင်စုများ၏ ၅၇ ရာခိုင်နှုန်းမှာ တစ်အိမ်ထောင်စုလ ျှင် အနည်းဆုံး ဖုန်းတစ်လုံး ပိုင်ဆိုင်သူများဖြစ်ခဲ့ရာမှ ယခုအခါ ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုလည်း စစ်တမ်းအရ သိရသည်။ ယေဘုယျအားဖြင့် အိမ်ထောင်စုတစ်စုတွင် မိုဘိုင်းဖုန်း ဆင်းကတ် နှစ်ကတ်နှင့်အထက် ပိုင်ဆိုင်မှုရှိလာကြသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့်အချိန်မှ စတင်ကာ ၁၈ လအတွင်း မိုဘိုင်းဖုန်းဖြင့် ချိတ်ဆက် ဆက်သွယ်မှုများသည် ယခင်က လူ ၁၀၀ လ ျှင် ၁၀ ဦးခန့်သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၈၀ အထိ တိုးတက်လာသည်ဟု ဖော်ပြထားသည်။

သို့သော် ဒီဂျစ်တယ် စာတတ်မြောက်မှု အားနည်းနေသေးသောကြောင့် မိုဘိုင်းဖုန်းပိုင်ဆိုင်သူ အမျိုးသား ၂၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၉ ရာခိုင်နှုန်းသာ အင်တာနက်ပေါ်ရှိ မိမိတို့ သိလိုသော သတင်းအချက်အလက်များကို ရှာဖွေနိုင်ကြသေးသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ယနေ့ခေတ် smartphones များသည် ၁၉၈၀ ခုနှစ်များဆီမှ အထိုင်ကွန်ပျူတာများထက် ပိုမို၍ အလုပ်လုပ်နိုင်စွမ်းရှိသော်လည်း ဒီဂျစ်တယ် နည်းပညာအသုံးချနိုင်မှု စွမ်းရည်လိုအပ်ချက်ကြောင့် မိုဘိုင်းဖုန်းပိုင်ဆိုင်သူများအနေဖြင့် အွန်လိုင်းဝန်ဆောင်မှုများ၊ အခြား E-Government ဝန်ဆောင်မှုများနှင့် အသေးစား အလုပ်အကိုင် အခွင့်အလမ်းများကဲ့သို့သော အခွင့်အလမ်းများ ရရှိခံစားနိုင်မှုတွင် အခက်အခဲများရှိနေသေးသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒီဂျစ်တယ်နည်းပညာ အသုံးချနိုင်မှု စွမ်းရည်လိုအပ်ချက် ဖြေရှင်းရန်၊ အမျိုးသမီးများကို အထူးအလေးပေး ထည့်သွင်းစဉ်းစားပေးရန်တို့အပြင် မိခင်ဘာသာစကားဖြင့် ရေးသားထားသော အကြောင်းအရာများ ပိုမိုများပြားလာစေရန်နှင့် လူတိုင်းတတ်နိုင်သော အဖိုးအခနှုန်းထားများဖြင့် အင်တာနက် အသုံးပြုနိုင်စေရေး ဆောင်ရွက်သွားရန် LIRNEasia က အကြံပြုထားသည်။

၂၀၁၆ ခုနှစ်အတွက် International Telecom Union (ITU) ၏ အိုင်စီတီ တိုးတက်မှုညွှန်းကိန်းတွင် မြန်မာသည် နိုင်ငံပေါင်း ၁၇၅ နိုင်ငံတွင် ၁၄၀ မြောက် နိုင်ငံ ဖြစ်လာသည်။ လာအိုနိုင်ငံထက် လေးနေရာ ပိုမြင့်ပြီး ဘင်္ဂလားဒေ့ဂျ်နှင့် ပါကစ္စတန်တို့ အထက်တွင် နေရာယူနိုင်ခဲ့ကာ အိန္ဒိယနိုင်ငံနှင့် အနီးဆုံးနေရာသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar