နေပြည်တော်၊ ဇူလိုင် ၂၉
သီးခြားပြည်နယ်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိနေသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်များက မြန်မာပြည်မှ ခွဲမထွက်ဟူ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံစဉ် ကတိပြုခဲ့ကြသည်။
“ဝ”နှင့် မိုင်းလားအဖွဲ့ ခေါင်းဆောင်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်၌ ယနေ့ တွေ့ဆုံစဉ် ပြောကြားခဲ့ကြခြင်း ဖြစ်သည်ဟု ယနေ့ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် အခမ်းအနားမှုးအဖြစ် တာဝန်ယူခဲ့သူ သမ္မတရုံး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကိုပြောသည်။
အစိုးရက စီစဉ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံကို မျှော်လင့်ချက်ကြီးစွာ ထားရှိကြောင်း တွေ့ဆုံပွဲတွင် ၎င်းတို့က ပြောကြားခဲ့ကြသော်လည်း ညီလာခံသို့ ၎င်းတို့အဖွဲ့နှစ်ဖွဲ့ တက်ရောက်ရေးနှင့် ပတ်သက်ပြီး ဇူလိုင် ၃၀ ရက်နေ့တွင် နှစ်ဖက်ခေါင်းဆောင်များ ဆက်လက် တွေ့ဆုံဆွေးနွေးကြဦးမည် ၎င်းကပြောကြားသည်။
“နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေကို ပြောပြတယ်။ ဝ၊ မိုင်းလားက ပုဂ္ဂိုလ်တွေက အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး လုပ်ခဲ့တာတွေကို ပြောပြတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို နှစ်ဖွဲ့လုံး ထောက်ခံတယ်၊ ကြိုဆိုတယ်လို့ ပြောပါတယ်”ဟု ဦးဇော်ဌေးကပြောကြားသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သော တွေ့ဆုံပွဲသို့ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ ဗဟိုပေါလစ်ဗျူရို အမြဲတမ်း ကော်မတီ၊ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူယီ နှင့် ‘ဝ’ အထူးဒေသ ၄ (မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA)) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
၎င်းတို့ နှစ်ဖွဲ့သည် ယနေ့ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများဖြစ်သည့် တပ်မတော်သားများ၊ တိုင်းရင်းသား လက်နက်ကိုင်များတွင် တာဝန်ရှိမှု၊ တပ်မတော်အနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေး ရရှိလိုစိတ်ဖြင့် ဆောင်ရွက်နေမှု၊ လက်ရှိဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းကို တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိစွာ စိတ်တူကိုယ်တူဖြင့် ညီအစ်ကိုလုပ်ဖော်ကိုင်ဖက်များအဖြစ် ခိုင်ခိုင်မြဲမြဲ လက်တွဲလုပ်ဆောင်ရန် လိုအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။
သတင်း-ဉာဏ်လှိုင်လင်း