မြန်မာနှင့် ရုရှား ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ ရေးဆွဲမည်

ရန်ကုန်၊ မေ ၂၀

မြန်မာနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းပြမြေပုံတစ်ခု ရေးဆွဲသွားရန် နှစ်နိုင်ငံသမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီခဲ့ကြကြောင်း ရုရှား TASS သတင်းဌာနက ယနေ့ ရေးသားထားသည်။

“နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်သွယ်မှုများ ဖွံ့ဖြိုး တိုးတက်လာစေရေးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ စိတ်ဝင်စားကြောင်း နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ကြေညာခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှတ်နှံမှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် လမ်းပြမြေပုံရေးဆွဲဖို့ ဆန္ဒရှိကြောင်းကိုလည်း ပြောကြားခဲ့ကြပါတယ်” ဟု ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

ထို့ပြင် ရုရှားကမ္ဘာလှည့်ခရီးသည်များကို လက်ခံရန် အဆင်သင့်ဖြစ်နေကြောင်းကိုလည်း မြန်မာသမ္မတဦးထင်ကျော်က ပြောကြားခဲ့သည်ဟု ၎င်းက ပြောကြားသည်။

သမ္မတ ဦးထင်ကျော်သည် ရုရှားသမ္မတဗလာဒီမာ ပူတင်နှင့် မေ ၁၉ ရက်နေ့က တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံတော်သမ္မတရုံးကလည်း မေ ၁၉ ရက်နေ့ညက သတင်းထုတ်ပြန်ခဲ့သည်။

ဦးထင်ကျော်သည် မေ ၁၉ နှင့် ၂၀ ရက်နေ့များတွင် ကျင်းပမည့် အာဆီယံ-ရုရှား ဆွေးနွေးဖက် ဆက်ဆံရေး နှစ် ၂၀ ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ရုရှားနိုင်ငံ၊ ဆိုချီမြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဦးထင်ကျော်နှင့် ပူတင်တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ဆက်ဆံရေးဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးနှင့် ပြည်သူအချင်းချင်း ပိုမိုထိတွေ့ ဆက်ဆံခွင့်ရရှိအောင် ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် မြန်မာ-ရုရှား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးတွင် ရေးဆွဲအကောင်အထည်ဖော်ရန် သဘောတူညီခဲ့သည့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံရေးဆွဲရေးနှင့် ဒုတိယအကြိမ် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကော်မရှင် အစည်းအဝေး ဆက်လက်ကျင်းပနိုင်ရေး၊ မြန်မာ-ရုရှား ကုန်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ နိုင်ငံခြားကုန်သွယ်ရေးဘဏ်နှင့် ရုရှားနိုင်ငံရှိ ဘဏ်များနှင့်ချိတ်ဆက်ပြီး ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ရန် နှစ်နိုင်ငံ လက်မှတ်ရေးထိုးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဦးစားပေးဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နံှရေးနှင့် အခြားကိစ္စရပ်များအပြင် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုရန် ကာကွယ်ရေးဝန်ကြီးဌာနအား ပြည်ထောင်စုလွှတ်တော်က ယခုအစောပိုင်းတွင် ခွင့်ပြုပေးခဲ့သည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ စစ်လက်နက်ပစ္စည်း အမြောက်အများအား အစဉ်တစိုက် ဝယ်ယူလာခဲ့သလို နှစ်နိုင်ငံကြားတွင် နီးကပ်သည့် စစ်ဘက် ဆက်ဆံရေး ရှိခဲ့သည်။ မြန်မာနှင့်ရုရှား တပ်မတော်ချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုသည် အထူးသဖြင့် ရေတပ်ကဏ္ဍ၌ အားကောင်းကောင်းဖြင့် တိုးတက်နေကြောင်း ဧပြီ ၂၆ ရက်က မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရုရှားသို့ ရောက်ရှိစဉ် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေးရွှိုင်ဂူကပြောကြားခဲ့သည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar