ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် နှစ်နိုင်ငံ နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်သွားရမည်ဟု တရုတ်တပ်မတော် ဗိုလ်ချုပ်ကြီးက အလည်အပတ်ရောက်ရှိနေသည့် မြန်မာ့တပ်မတော် အကြီးအကဲကို ပြောကြားလိုက်သည်။
တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဗဟို စစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng တို့ ပေကျင်းမြို့၌ နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
“နှစ်နိုင်ငံအဆင့်အလိုက် နီးနီးကပ်ကပ်ဆက်ဆံဆောင်ရွက်ခြင်းဖြင့် နယ်စပ် ဒေသပြဿနာများအား အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်မည်” ဟု ၎င်းက ပြောကြားသည်။
“တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုမှသည် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက် ရရှိစေမည်” ဟုလည်း တရုတ်ဗိုလ်ချုပ်ကြီးက ပြောကြားပြီး မြန်မာနိုင်ငံအတွက် အကူအညီများ ဆက်လက်ပေးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့ပြင် တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် တရုတ်နိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သည်ဟု ၎င်းက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ကာ လွန်ခဲ့သည့်နှစ်များအတွင်း နှစ်နိုင်ငံအကြား သံတမန်ရေးနှင့် စီးပွားရေးများတွင် နီးနီးကပ်ကပ် ဆက်ဆံမှုရှိခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စတွင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ထောက်ခံခဲ့သည်။
ထိုကဲ့သို့ “ရခိုင်ပြည်နယ်အရေးကိစ္စတွင်လည်း နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ဗိုလ်ချုုပ်ကြီးကို ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာမည် ဖြစ်သလို ထိုမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။