ရန်ကုန်၊ ဒီဇင်ဘာ ၁
လာမည့်ရက်သတ္တပတ်တွင် မြန်မာနှင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် ဘောလုံး ခြေစမ်းပွဲနှစ်ပွဲကို ဖျက်သိမ်းလိုက်သည်ဟု မလေးရှားဘောလုံးအဖွဲ့ချုပ်က ယနေ့ ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများကို မလေးရှားနိုင်ငံက ဆက်တိုက်ပြစ်တင်ဝေဖန်နေချိန်တွင် ယခုကဲ့သို့ ဖျက်သိမ်းမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာအစိုးရ တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများ ရှိနေသည်ဟု မလေးရှားက စွပ်စွဲထားသလို မြန်မာအစိုးရကို ရှုံ့ချသည့် ဆန္ဒပြပွဲများကျင်းပခြင်းများအပြင် မြန်မာနိုင်ငံအား အာဆီယံအဖွဲ့၏ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရန်အထိကိုပါ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ပါဝင်လှုံ့ဆော်လျက်ရှိသည်။
ယခုဖျက်သိမ်းခဲ့သည့် မြန်မာနှင့် မလေးရှား အသက် ၂၂ အောက် ဘောလုံးအသင်းများ၏ ခြေစမ်းပွဲများကို ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်နေ့များ၌ ရန်ကုန်မြို့တွင် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော် အဆိုပါ ဘောလုံးပွဲများကို ဖျက်သိမ်းလိုက်သည်ဟု မလေးရှားအမျိုးသားဘောလုံးအသင်းက ၎င်းတို့တွင် Twitter အကောင့်တွင် ယနေ့ ကြေညာခဲ့သည်။
ဖျက်သိမ်းမှုနှင့် ပတ်သက်ပြီး မလေးရှားဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများအား ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိခဲ့သော်လည်း မလေးရှားနိုင်ငံ၊ အားကစားဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးကမူ ဖျက်သိမ်းမှုမှာ “နိုင်ငံရေးအကြောင်းပြချက်ကြောင့် ဖြစ်သည်” ဟု အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ မီဒီယာတာဝန်ခံဖြစ်သူ အိုကိုချာက အဆိုပါခြေစမ်းပွဲ ယှဉ်ပြိုင်မကစားဖြစ်တော့ကြောင်း မလေးရှားဘောလုံးအဖွဲ့ချုပ်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံ ပြီးခဲ့သည့် ယခု ရက်သတ္တပတ်အတွင်း အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ပြောကြားသည်။
အဆိုပါအကြောင်းကြားစာတွင် အကြောင်းအမျိုးမျိုးကြောင့် ခြေစမ်းပွဲကစားရန် ပျက်ပြယ်ကြောင်းသာ ရေးသားထားပြီး နိုင်ငံတကာသတင်းဌာနများက ဖော်ပြထားသကဲ့သို့ ရခိုင်ပြည်နယ်ရှိ ၎င်းတို့ကိုယ်၎င်း ရိုဟင်ဂျာဟုခေါ်ပြီး မြန်မာဘက်က ဘင်္ဂါလီဟုခေါ်သူများအရေးကိစ္စကို ဖော်ပြထားခြင်းမရှိဟု ၎င်းကပြောသည်။
“မြန်မာအသင်း ဆူဇူကီးဖလားမှာ ဆီမီးဖိုင်နယ်တက်သွားလို့ ဂုဏ်ယူတယ်။ ယူ ၂၂ ခြေစမ်းပွဲကို အကြောင်းအမျိုးမျိုးကြောင့် မကစားဖြစ်ဘူးဆိုပြီးပဲ ရေးသားထားတယ်” ဟု အိုကိုချာက Frontier ကို ပြောသည်။
ပြီးခဲ့သည့်လက စတင်ကျင်းပခဲ့သည့် ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှလည်း နှုတ်ထွက်မည်ဟု မလေးရှားက ပြောကြားခဲ့ဖူးသော်လည်း နှုတ်ထွက်ခဲ့ခြင်းမရှိပေ။ အဆိုပါ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် မြန်မာက မလေးရှားကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
သတင်း-ထွန်းခိုင်