အေအက်ဖ်ပီ
ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ကြေးရှိသော မူးယစ်ဆေးဝါးကုန်သွယ်မှု အာရှပစိဖိတ်ဒေသအနှံ့ ပျံ့နှံ့လာချိန်တွင် ပြည်ပမှ ဝင်လာသော မူးယစ်ဆေးထုတ် ဓာတုပစ္စည်းများဖြင့် မြန်မာနိုင်ငံအတွင်း စိတ်ကြွဆေး မက်သာဖက်တမင်း (Meth) ထုတ်လုပ်မှုမှာ စံချိန်တင် မြင့်တက်လျက်ရှိသည်။
တရုတ်နှင့် မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့ ဆက်စပ်ဝန်းရံနေသော ရွှေတြိဂံဒေသသည် ဘိန်းနှင့် ဘိန်းဖြူထုတ်လုပ်ရာဒေသအဖြစ် မျိုးဆက်ပေါင်းများစွာ ဆက်လက်တည်ရှိနေခဲ့သည်။
သို့သော် မြန်မာနိုင်ငံ၌ စိတ်ကြွဆေးထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုမှာ မကြာမီနှစ်များအတွင်း ထိတ်လန့်ဖွယ်အဆင့်အထိ ထိုးတက်လာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) မှ သိရှိရသည်။
ဒေသတွင်း၌ ရာဘဟု သိနေကြသော ‘မက်သာဖက်တမင်း’ ဆေးပြား၏ ဈေးမှာ ထုတ်လုပ်မှု ပိုလျှံများပြားလွန်းသောကြောင့် ထိုးကျသွားခဲ့သည်။ အလားတူ ရာဘထက် ပိုမိုအစွမ်းထက်ပြီး ပို၍စွဲစေသော ICE ဆေးများမှာလည်း ထုတ်လုပ်မှုများလွန်း သောကြောင့် ဈေးကျသွားခဲ့သည်။
မြန်မာနိုင်ငံ အရှေ့ဖက်နယ်စပ် ရွှေတြိဂံဒေသမှ Meth ဆေးပြားများသည် အနောက်ဘက် အိန္ဒိယအထိ လည်းကောင်း၊ အရှေ့တောင်ဘက် သြစတြေးလျအထိတိုင်အောင် ပျံ့နှံ့လျက်ရှိသည်။
တရုတ်ပြည်၊ တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရအရာရှိများသည် (စိတ်ကြွဆေးပြဿနာကို ဆွေးနွေးရန်) မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် နိုဝင်ဘာ ၇ ရက်နေ့က စုဝေးရောက်ရှိခဲ့ကြသည်။ ဤပြဿနာသည် ကျန်းမာရေးနှင့် ရာဇဝတ်မှု ပြဿနာများကို ဖြစ်လာနေစေသည်ဟု ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
သို့သော် မြန်မာနိုင်ငံကိုသာ အပြစ်များ ပုံမချသင့်ပါဟု ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက အစည်းအဝေးတွင် ပြောကြားသည်။
“ကျွန်တော်တို့က တရားမဝင် မူးယစ်ဆေးတွေရဲ့ ပင်ရင်းဖြစ်နေတယ်ဆိုတာတော့ ထင်ရှားပါတယ်။ ဒါပေမယ့် ဓာတုပစ္စည်းတွေရဲ့ မူလရင်းမြစ်တော့ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်အောင်သူက ပြောကြားကြောင်း unodc ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ နေပြည်တော်တွင် နိုဝင်ဘာ ၇ ရက်နေ့က စတင်ခဲ့သော သုံးရက်ကြာ အစည်းအဝေးကို UNODC က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
“ဒီမူးယစ်ဆေးတု synthetic drug တွေ တိုးထုတ်လုပ်ဖို့ဆိုတာ ဓာတုဆေးဝါးပစ္စည်းတွေလဲ လိုအပ်တာဖြစ်တယ်ဆိုတာ ဒေသတွင်းမှာ ကျွန်တော်တို့က ထောက်ပြ သတိပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။
ထိုဓာတုပစ္စည်းများကို အန္တရာယ်မရှိသော ဆေးပစ္စည်းများ ထုတ်လုပ်ရာတွင်လည်း အသုံးပြုကြရသည်။ ဥပမာ – ephedrine နှင့် pseudoephdrine များကို အအေးမိ ဖျားနာပျောက်ဆေးများတွင်လည်း အသုံးပြုနေကြသည်ဖြစ်ရာ ထိုဓာတုပစ္စည်းများ တင်သွင်းမှုကို ထိန်းချုပ်နိုင်ရန် အာဏာပိုင်များအတွက် အခက်တွေ့နေကြသည်။ မူးယစ်ဆေး ထုတ်လုပ်နိုင်သော ဓာတုဆေးဝါးများကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် တရုတ်ပြည်တွင် အများအားဖြင့် ထုတ်လုပ်ကြသည်။ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့တွင်လည်း ဓာတုနှင့် ဆေးဝါးစက်ရုံများ ကြီးထွားလာနေရာ ၎င်းတို့ထံမှလည်း ရနိုင်သည်ဟု ကျွမ်းကျင်သူတို့က ပြောသည်။
“မူးယစ်ဆေးဝါးတွေရဲ့ အခြေအနေက အလွန်လျင်လျင်မြန်မြန် ပြောင်းလဲနေတယ်။ ဒါပေမဲ့ အဲဒီသတင်းအချက်အလက်တွေကို စုဆောင်းလဲလှယ် မျှဝေကြတဲ့နှုန်းက အလွန်နှေးကွေးလွန်းပြီး လိုက်မမီဘူးဖြစ်နေတယ်” လို့ UNODC မှ Mr. Inshik Sim က ပြောသည်။ “နောက်ပြီးသူက အစိုးရတွေအနေနဲ့ သံသယဖြစ်ဖွယ်ရာတွေတွေ့ရင် စောစောစီးစီး အချက်ပြသတိပေးတဲ့စနစ် ထူထောင်ထားသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။
ဒေသတလွှားတွင် အာဏာပိုင်များ ဖမ်းဆီးရမိသော Meth ပမာဏကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံတွင်း ဓာတုပစ္စည်းများ ဝင်ရောက်မှုက မှန်မှန်ကြီး မြင့်တက်နေကြောင်း ညွှန်ပြနေသည်ဟု UNODC ၏ ဒေသဆိုင်ရာကိုယ်စားလှယ် Mr. Jeremy Douglas က အေအက်ဖ်ပီကို ပြောသည်။
“မူးယစ်ဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုနဲ့ ဆေးဝါးပစ္စည်းတွေ ဖမ်းမိတဲ့သတင်းတွေ အစိုးရတွေဆီက မကြားရသလောက်ပါပဲ။ ရှိခဲ့ရင်လည်း အနည်းအကျဉ်းပါပဲ။ ဒါက ဘာကိုဖော်ပြနေသလဲဆိုတော့ နယ်စပ်ဒေသမှာ ဒီဓာတု ပစ္စည်းတွေကို လွတ်လွတ်လပ်လပ် သယ်ယူပို့ဆောင်ခွင့်ရနေတယ်ဆိုတာပဲ”ဟု ၎င်းကပြောသည်။
“အာရှရဲ့ အဆင်းရဲဆုံးနိုင်ငံတချို့ပါဝင်တဲ့ ဒီဒေသရဲ့ နယ်စပ်ဖြတ်ကျော်နေရာတွေမှာ မူးယစ်ဆေးနဲ့ ဓာတုပစ္စည်းတွေကို စုပေါင်း ထိန်းချုပ်မှုမရှိသမျှ ကာလပတ်လုံး လုပ်ငန်းကြီး ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက သတိပေးခဲ့သည်။
အထူးသဖြင့် Fentamyl ထုတ်လုပ်မှုတိုးလာနေခြင်းကို UNODC က အလွန် စိုးရိမ်နေသည်။ fentamyl သည် synthetic opioid (ဘိန်းတု) တစ်မျိုးဖြစ်ပြီး အမေရိကတစ်လွှား သုံးစွဲမှုပျံ့နှံ့နေသည်။
“အခု ဒီပစ္စည်းကို ဒီဒေသတွင်းမှာ ထုတ်လုပ်ခြင်း၊ လမ်းကြောင်းလွှဲခြင်းတွေလုပ်ပြီး မြောက်အမေရိကနဲ့ သြစတြေလျအထိ ရောက်အောင်ပို့နေကြပြီ” ဟု UNODC က ပြောကြာသည်။