မြန်မာနိုင်ငံ၏ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ရန် ကမ္ဘာ့ဘဏ်က ဒေါ်လာသန်း ၁၀၀ ချေးမည်

မြန်မာနိုင်ငံရှိ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို မြန်မာအစိုးရထံ ချေးငွေအဖြစ် ပေးအပ်သွားမည်ဟု ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ ပြည်သူများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အကျိုးပြုနိုင်မည့် ငွေရေးကြေးရေး  ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ရန် ပေးအပ်မည့် အဆိုပါ ချေးငွေကို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးရည်ရွယ်ထားသည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (International Development Association) ၏ ရန်ပုံငွေမှ ပေးအပ်သွားမည်ဖြစ်သည်။ ချေးငွေ၏ သက်တမ်းမှာ ၃၈ နှစ်ဖြစ်ကာ ချေးငွေပြန်ဆပ်ရန် ဆိုင်းငံ့ကာလ ခြောက်နှစ်ရရှိမည်ဖြစ်ပြီး အတိုးမဲ့ နှစ်ရှည်ချေးငွေဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခိုင်မာအားကောင်းပြီး တည်ငြိမ်သည့် ငွေရေးကြေးရေးကဏ္ဍတစ်ရပ်ကို ဖော်ဆောင်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဖြင့် တစ်နိုင်ငံလုံးတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ တိုးချဲ့နိုင်ရန်၊ ချေးငွေနှင့် ငွေကြေး ဝန်ဆောင်မှု အမျိုးမျိုးကို တိုးတက်ရရှိနိုင်စေရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တိုးတက်ရန် အားယူနေသည့် အသေးစား ငွေချေးလုပ်ငန်းများနှင့် အာမခံလုပ်ငန်းကဏ္ဍများကိုလည်း မြှင့်တင်သွားနိုင်ရန် ရည်ရွယ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလို ပြုပြင်ပြောင်းလဲမှုတွေဟာ အထူးသဖြင့် ငွေရေးကြေးရေး ဝန်ဆောင်မှုတွေနဲ့ အလှမ်းဝေးနေဆဲဖြစ်တဲ့ဒေသက ပြည်သူတွေအတွက် အခြေခံကျတဲ့ ငွေရေးကြေးရေး ဝန်ဆောင်မှု အမျိုးမျိုးကို ရရှိနိုင်အောင် ကူညီနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးလာနေကာ ပုဂ္ဂလိကကဏ္ဍသို့ ချေးငွေပမာဏမှာလည်း အလွန်နည်းပါးသည့် အခြေအနေမှ မှန်မှန်တိုးတက်လာခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍသည် တိုင်းပြည်၏ တိုးတက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို ထိထိရောက်ရောက် မဖြည့်ဆည်းနိုင်သေးဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တစ်နိုင်ငံလုံးက ပြည်သူတွေ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးနဲ့ အသေးစားချေးငွေတွေကို ရရှိလာမှာ ဖြစ်ပါတယ်။ ချေးငွေတွေ ပိုမိုရရှိလာတာနဲ့အမ ျှ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့လာနိုင်မှာဖြစ်ပြီး ဒါဟာ ဝင်ငွေတွေ ပိုမိုတိုးတက်လာဖို့ အခွင့်အလမ်းတစ်ခုဖြစ်သလို လူတွေကိုလည်း အလုပ်အကိုင်တွေ ပေးနိုင်ပါလိမ့်မယ်။ တောင်သူလယ်သမားတွေ၊ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝင်ငွေ နည်းပါးတဲ့ မီသားစုတွေအားလုံး အကျိုးခံစားရမှာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောကြားသည်။

ငွေရေးကြေးရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်မှုတွင် နောက်အကျဆုံး နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အရွယ်ရောက်ပြီးအားလုံး၏ ၃၀ ရာခိုင်နှုန်းအောက်သာ ငွေရေးကြေးရေး ဝန်ဆောင်မှုများကို ရရှိနေကြပြီး ထိုအရေအတွက်မှာ ကျေးလက်ဒေသများတွင် ပိုမို နည်းပါးသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.