မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး တိုးတက်ရန် ပြုပြင်သင့်သည်များကို ကမ္ဘာ့ဘဏ် အကြံပြု

လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားပြီး ပွင့်လင်းစွာ ကုန်သွယ်နိုင်ရန် ဆက်လက်ကြိုးစားမှသာ မြန်မာ့ကုန်သွယ်မှု အခန်းကဏ္ဍ တိုးတက်လာမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေ ဆက် က အကြံပြုလိုက်ပါတယ်။

ဒါ့အပြင် သဘာဝသယံဇာတအပေါ် အခြေခံတဲ့ စီးပွားရေးကို မှီခိုနေရာကနေ ဖွံ့ဖြိုးဖို့ အလားအလာကောင်းတွေရှိတဲ့ အခြားသောလုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်မြှင့်တင်ပေးဖို့၊ နည်းပညာကျွမ်းကျင်ဖို့၊ လုပ်ငန်းလိုင်စင်ကဲ့သို့သော ကိစ္စရပ်တွေမှာ နှောင့်နှေးစေတဲ့ လုပ်ထုံးလုပ်နည်းတွေကို လျှော့ချဖို့၊ ဝန်ထမ်းတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှုကို မြှင့်တင်ပေးဖို့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ဆောင်မှု ပေးနေသူ အားလုံးမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာပြီး ကိုယ့်ရဲ့ လုပ်ငန်းအဖြစ် သဘောထားဆောင်ရွက်လိုစိတ်တွေ ဖြစ်လာအောင် အားပေးကူညီဖို့လိုတယ် လို့လည်း သူက ဆက်ပြောပါတယ်။

နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ “မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံလေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ (DTIS) ထုတ်ပြန်ခြင်းအခမ်းအနား” မှာ အဗ္ဗဒူလာရေ ဆက်က ပြောကြားတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေ ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဟာ သဘာဝသယံဇာတ၊ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်တွေနဲ့ လုပ်သားအင်အားတွေ ပိုင်ဆိုင်ထားပေမယ့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းဝင်နေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရဲ့ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

ဒါကြောင့် WTO ရဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကူအညီပေးသော အစီအစဉ်အရ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများကို ကမ္ဘာ့ကုန်သွယ်မှုမှာ အကောင်းဆုံး ပါဝင်ဆောင်ရွက်နိုင်ပြီး အကျိုးအမြတ်များဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ နည်းပညာများ အကူအညီပေးခြင်းဆိုတာ အခွင့်အရေးကို ရရှိနေတာဖြစ်ပါတယ်။

အခမ်းအနားမှာ အဖွင့်အမှာစကားပြောကြားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေကတော့ အစီရင်ခံစာပါ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြင်ဆင်ပြီး အကြံပြုချက်တွေ၊ လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

“အစိုးရသစ်လက်ထက်မှာ ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာခြင်းကို ဦးစားပေး မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်ဆောင်ရွက်နေတာပါတယ်” လို့လည်း သူက ပြောပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်ကတော့ မြန်မာ့ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေရှိသလို ကုန်ကျစရိတ်မြင့်မားခြင်း၊ ကုန်စည်အရည်အသွေးနဲ့ စံချိန်စံညွှန်းဆိုင်ရာ ဖွံ့ဖြိုးမှုမရှိခြင်း၊ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှု မဖွံ့ဖြိုးခြင်း၊ အစိုးရဌာနများအတွင်း မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်းစတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။

“မိမိတို့တစ်ဦးတည်းအင်အားနဲ့ အားလုံးကို ဖြေရှင်းဆောင်ရွက်ဖို့ ခက်ခဲတဲ့အတွက် ကမ္ဘာ့ဘဏ်လို ဖွံ့ဖြိုးမှု အထောက်အကူပြု အဖွဲ့အစည်းတွေ၊ မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စိန်ခေါ်မှုတွေကနေ အခွင့်အလမ်းကောင်းတွေအဖြစ် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့လည်း ဦးသန်းမြင့်က ဆိုပါတယ်။ 

ကမ္ဘာ့ဘဏ်က အကြီးတန်းစီးပွားရေး ပညာရှင် Sjamsu Rahardja ကတော့ မြန်မာနိုင်ငံအနေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစီးပွားရေးလမ်းကြောင်းနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့နဲ့ ကုန်သွယ်မှုတိုးလာလို့ စီးပွားရေး ဖွံ့ဖြိုးလာရင် ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်ဖို့၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေကို ငွေကြေးအရင်းအနှီး ပိုမိုထောက်ပံ့နိုင်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် ကုန်သွယ်မှုတိုးမြှင့်ရေးလုပ်ငန်းတွေကို ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ဆောင်ရွက်မှသာ တိုးတက်လာရရှိလာတဲ့ အကျိုးအမြတ်ကို ပြည်သူအားလုံး တပြေးညီ ခံစားနိုင်မယ်လို့လည်း သူက ထောက်ပြပါတယ်။ 

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ရဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကတော့ ဒီအစီရင်ခံစာဟာ ကျယ်ပြန့်တဲ့ ကဏ္ဍစုံကို လေ့လာထားပြီး သုံးသပ်ထားတာဖြစ်တယ်လို့ ပြောပါတယ်။ “ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေနဲ့ အစိုးရနဲ့ ဘယ်လို ပေါင်းစပ်နိုင်မလဲ။ အဓိက ရည်ရွယ်ချက်က ဆင်းရဲခြင်း လျော့ချဖို့နဲ့ တနိုင်ငံလုံးမှာ ညီမျှတဲ့ ဖွဲ့ဖြိုးမှုတွေ ရှိလာဖို့ သွားတာပါ” လို့ သူက ပြောပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့  EIF အမှုဆောင်အတွင်းရေးမှူးလည်းဖြစ်၊ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ Dr.Ratnakar Adhikari ကလည်း ဒီအစီရင်ခံစာဟာ ကဏ္ဍအသီးသီးရဲ့  အနေအထားတွေကို သိနိုင်မယ့်အပြင် ဘယ်လိုမဟာဗျူဟာတွေချမှတ်ပြီး ရှေ့ကိုဆက်သွားမယ်ဆိုတာလည်း သိနိုင်မယ်လို့ ယုံကြည်ကြောင်းပြောပါတယ်။ “ဒါကသိပ်ကို အရေးကြီးတဲ့ မူဘောင်ပါ” လို့ သူက ဆိုပါတယ်။

Myanmar Diagnostic Trade Integration Study (DITS) အစီရင်ခံစာဟာ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် ပေါင်းစပ်တိုးမြှင့်ခြင်းဆိုင်ရာမူဘောင် (Enhanced Integrated Framework – EIF) ကို ဖော်ဆောင်ရာတွင် ဘယ်လို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိမယ်ဆိုတာကို ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ EIF ကို ၂၀၁၃ ခုနှစ်ကတည်းက ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစီရင်ခံစာကို ၂၀၁၄ ခုနှစ်ကတည်းက စတင်ရေးဆွဲခဲ့တာဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိကနှင့် လူတန်းစားအလွှာအသီးသီးပါဝင်သည့် ကဏ္ဍစုံထံမှ ကောက်ခံထားသည့် အချက်အလက်တွေအပေါ် အခြေတည်ထားတယ်လို့ ဆိုပါတယ်။ ဦးဆောင်ရေးဆွဲခဲ့တဲ့ ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရုံ၊ ကုန်သွယ်မှုတိုးတက်ရုံသာကမက ပြည်သူတွေရဲ့ လူနေမှုဘဝတွေ မြှင့်တင်ဖို့ကိုပါ အစီရင်ခံစာထဲမှာ အကြံပြုထားတယ်လို့ ဆိုတယ်။

ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေ ဆက် ကတော့ “ဒီအတိုင်းလုပ်ရင်အောင်မြင်မယ်လို့ အာမခံချက်ပေးထားပါတယ်” လို့ အစိုးရအရာရှိကြီးများ၊ လွှတ်တော်အမတ်များ၊ လုပ်ငန်းရှင်များ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ တက်ရောက်ကြတဲ့ အခမ်းအနားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.