မြန်မာနိုင်ငံ၌ နိုင်ငံတကာရပ်ဘီပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပမည်

အိုလီဗာ ဆလိုး

မြန်မာနိုင်ငံရှိ သီးခြားရပ်တည်နေသည့် ပထမဆုံးရပ်ဘီကလပ်ဖြစ်သော Yangon Dragons က ယခု ရက်သတ္တပတ်အကုန်တွင် Indochine Cup 2018 ရပ်ဘီပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်သည်။ အရှိန်အဝါကြီးမားသည့် အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခြင်းလည်း ဖြစ်သည်။

အရှေ့တောင်အာရှ၏ ယခုနှစ် ရပ်ဘီပြက္ခဒိန်အရ ပြိုင်ပွဲကို သန်လျင်မြို့နယ်၊ စတားစီးတီးရှိ Dragons ၏ အိမ်ကွင်းတွင် မေ ၂၆ ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။ Contact tournament ပြိုင်ပွဲတွင် အသင်းခြောက်သင်း၊ Touch event တွင် သုံးသင်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး Dragons ကလပ်က အားပေးကူညီနေသည့် Little Dragons နှင့်အတူ လေ့ကျင့်ပေးသည့် အစီစဉ်လည်း ပါဝင်မည်ဖြစ်သည်။ ထိုအစီအစဉ်တွင် ဘုန်းတော်ကြီးကျောင်းနှင့် မိဘမဲ့ကလေးများဂေဟာတို့မှ ကလေးများကို ရပ်ဘီအားကစားနှင့် မိတ်ဆက်ပေးမည်ဖြစ်သည်။

Contact event တွင် Hanoi Dragons သည် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်သော Saigon Geckos နှင့်အတူ ရောက်ရှိလာမည်ဖြစ်ပြီး ကမ္ဘောဒီယား၏ ဖနွမ်ပင်ကလည်း ပြိုင်ပွဲအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်သည်။ ရန်ကုန်အခြေစိုက် အသင်းသုံးသင်းဖြစ်သည့် Dragons၊ မြန်မာတွင် နေထိုင်အလုပ်လုပ်နေသည့် ဂျပန်လူမျိုးများ၏ Shwe Elephants နှင့် Dragons အသင်းထဲမှ အသင်းသားများဖြင့်ပင် ဖွဲ့စည်းထားသော Irrawaddy Dolphins တို့လည်း ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

Touch tournament ပြိုင်ပွဲတွင် Dragons၊ Insein Stray Dogs နှင့် Dulwich All Stars အသင်းတို့ ပါဝင်မည်ဖြစ်သည်။ “ရပ်ဘီအားကစားနည်းကို မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးလာဖို့ Yangon Dragons နဲ့ အဖွဲ့ဝင်တွေ လုပ်ဆောင်နေတာ ငါးနှစ်နီးပါး ရှိပါပြီ” ဟု Dragons ကလပ်ဥက္ကဋ္ဌ မစ္စတာ အဲလက်ဒေးဗစ်ဆင်က ပြောသည်။

“ဒီအားကစားကို ချစ်မြတ်နိုးတဲ့ မြန်မာတွေရော၊ နိုင်ငံခြားသားတွေ အတူတကွ မမောမပန်း ကြိုးစားလုပ်ဆောင်ခဲ့လို့ အားကောင်းတဲ့ ကလပ်အသင်းတစ်ခု၊ မြန်မာကလေးတွေကြား ဒီအားကစားဖွံ့ဖြိုးလာဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိတဲ့ အကူအသင်းတစ်ခု ဖြစ်လာစေခဲ့ပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ကျင်းပနိုင်တဲ့အထိ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

Dragons အသင်းနှင့် Dolphins အသင်းများတွင် မြန်မာများနှင့် မြန်မာနိုင်ငံရောက် နိုင်ငံခြားများ ရောနှော ဖွဲ့စည်းမည် ဖြစ်သည်။

အဆိုပါအသင်းများအတွက် ကစားမည့်သူများတွင် မြန်မာနှစ်ဦးဖြစ်သည့် ကိုခန့်ညားနှင့် ကိုအောင်ဘကျော်တို့ပါဝင်ပြီး ၎င်းတို့ ကလပ်သင်းဝင်များ ဖြစ်နေသည်မှာ နှစ်အတန်ကြာရှိနေပြီဖြစ်သည်။ ပြည်ပပွဲအချို့တွင်လည်း သွားရောက်ကစားဖူးသူများ ဖြစ်သည်။

“ဒီကလပ်ရဲ့ အစိတ်အပိုင်းဖြစ်ရတဲ့အတွက် အတွေ့အကြုံသစ် ရပါတယ်။ ကျွန်တော့ကို အခွင့်အလမ်းကောင်းတွေပေးတဲ့ အကြောင်းအရာသစ် များစွာကိုလည်း သင်ယူခဲ့ပါတယ်” ဟုကိုခန့်ညားက ပြောသည်။ “သာဓကအနေနဲ့ ပြောရရင် ဖေဖော်ဝါရီလက ဘန်ကောက်မှာ ကစားဖို့ ကျွန်တော်တို့ စကောလားရှစ်တစ်ခု ရခဲ့ပါတယ်။ ပြီးတော့ အဲဒါက နိုင်ငံပြင်ပကို ပထမဆုံးအကြိမ် ထွက်ဖူးတာပါ။ ဒီပြိုင်ပွဲကို ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပမှာဆိုတော့ နိုင်ငံအတွက် အရမ်းကောင်းတယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ကိုအောင်ဘကျော်မှာ ကလပ်တည်ထောင်သည့် ၂ဝ၁၃ ခုနှစ်ကတည်းက အသင်းဝင်တစ်ဦးဖြစ်နေပြီး ၎င်းအတွက် အခွင့်အလမ်းသစ်များစွာ ဖြစ်ပေါ်စေခဲ့သလို အပေါင်းအသင်းသစ်များ တွေ့ရသည့်အပြင် ပြည်ပခရီးများလည်း သွားရောက်ခွင့်ရခဲ့သည်ဟု ၎င်းကပြောသည်။ “ခရီးသွားရတာ ကျွန်တော့ဘဝမှာ အပျော်ဆုံးကာလတွေပါ။ ကျွန်တော်က Yangon Dragon တစ်ဦး အမြဲဖြစ်နေမှာပါ” ဟု ၎င်းကပြောသည်။

အသင်းခြောက်သင်းကို အုပ်စုနှစ်ခုခွဲပြီး တစ်သင်းလျှင် နှစ်ပွဲစီ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတစ်ခုမှ တတိယရရှိသည့် အသင်းများက Bowl ဆုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဒုတိယရရှိသည့် အသင်းများက Plate ဆုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အုပ်စုဗိုလ်အသင်းများက Cup ဆုအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ Dragons အသင်းသည် Rahus အသင်း၊ Hanoi အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး ကျန်အုပ်စုတွင် Geckos အသင်း၊ Elephants အသင်းနှင့် Dolphins အသင်းတို့ ပါဝင်သည်။

“ဒီလိုပြိုင်ပွဲမျိုးကို လက်ခံကျင်းပခွင့်ရတာ ကလပ်အတွက် အလွန်ဂုဏ်ယူစရာ ကောင်းပါတယ်။ ဒီအောင်မြင်မှု တစ်ခုတည်းနဲ့တောင် ကလပ်က လူတွေအတွက်က အလွန်ကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုပါ” ဟု Dragons ၏ ပထမအသင်းခေါင်းဆောင် မစ္စတာ ပေါလ်မွိုင်နီဟန်က ပြောသည်။ ၎င်းမှာ ပြိုင်ပွဲဝင်အချို့ထဲတွင် အပါအဝင်ဖြစ်ပြီး ယင်းပြိုင်ပွဲဝင်အချို့မှာ အတိတ်က အောင်မြင်မှုမျိုး ပြန်လည်ရရှိရန်လည်း မျှော်လင့်နေမည်ဖြစ်သည်။ ၎င်းတို့အထဲ ယခုသတင်းရေးသူလည်း ပါဝင်သည်။

“မြန်မာနိုင်ငံမှာ ရပ်ဘီအားကစားကဏ္ဍကို မြင့်တင်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ရန်ကုန် ခြုံပြောရရင်တော့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း မြင့်တင်ဖို့ပါ မျှော်လင့်တာပါ။ မြန်မာနိုင်ငံက အလွန်သဘောကောင်းတဲ့ ပြည်သူတွေရှိတဲ့ နိုင်ငံကြီးတစ်ခုပါ။ ဒါပေမယ့် မကြာသေးခင်ကစပြီး အကြောင်းအမျိုးမျိုးကြောင့် သူရဲ့ဂုဏ်သတင်းက ထိခိုက်ခဲ့ရပါတယ်။ သူတို့ ပြန်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အိမ်နီးချင်းနိုင်ငံက အသင်းတွေကို လှိုက်လှိုက်လှဲလှဲကြိုဆိုဖို့ ကျွန်တော်တို့အားလုံး စိတ်အားထက်သန်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဘောလုံးအားကစားနည်းကဲ့သို့ ကျယ်ပြန့်သည့် လူကြိုက်များမှုမျိုး မရရှိသော်လည်း ရပ်ဘီသည် မြန်မာတွင် အသစ်အဆန်း ကစားနည်းတစ်ခုတော့ မဟုတ်ပေ။ လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်သည် ယူကေတွင် နှစ်ပေါင်းများစွာနေထိုင်ဖူးပြီး Dulwich College နှင့် Queen’s College တို့တွင် ရပ်ဘီကစားခဲ့ဖူးသည်။

စနေနေ့တွင် ယှဉ်ပြိုင်မည့် ပထမဆုံးပွဲကို နံနက် ၁ဝ နာရီတွင်စတင်ပြီး နောက်ဆုံးပွဲကို ညနေ ငါးနာရီတွင် စတင်ရန် စီစဉ်ထားသည်။ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး ထိုနေ့တွင် ဘာဘီကျူး၊ ဘီယာဆိုင်များနှင့် ကလေးကစားပွဲများလည်း ပါဝင်မည်ဖြစ်သည်။

Indochine Cup (အင်ဒိုချိုင်းဖလား) ပြိုင်ပွဲကို ၁၉၉၉ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပခဲ့သည်။ Saigon Geckos သည် ဖလားသမိုင်းတွင် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၁ဝ ကြိမ်တိုင် ဖလားရရှိခဲ့သည်။ ယင်းနောက် ဖနွမ်ပင်က ခြောက်ကြိမ် ရရှိသည်။ ဗီယက်နမ်မှ Hanoi အသင်းနှင့် လာအိုမှ Vientiane အသင်းတို့က တစ်ကြိမ်စီ ရရှိထားသည်။ ၂ဝ၁၃ ခုနှစ်တွင် ပြိုင်ပွဲမကျင်းပဖြစ်ခဲ့ပေ။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar