မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု မပြုလုပ်ရန် ICG က အီးယူကို အကြံပြု

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကျပ်အတည်းကြောင့် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂ (အီးယူ)က ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်လည်ပြုလုပ်ခြင်းသည် ပြောင်းပြန်ရလဒ်ကိုသာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း အကြံပေးပညာရှင် အဖွဲ့တစ်ခုဖြစ်သည့် International Crisis Group (ICG) က သတိပေးလိုက်သည်။

“ရိုဟင်ဂျာအကျပ်အတည်း၊ သို့မဟုတ် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးနှင့် ဒေသဆိုင်ရာတည်ငြိမ်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခု Rohingya: A major threat to Myanmar transition and regional stability” ဟုခေါင်းစဉ်တပ်ထားသည့် အောက်တိုဘာ ၁၈ ရက်နေ့က အစီရင်ခံစာတစ်စောင်တွင် ICG ကသတိပေးလိုက်ခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာတွင် အီးယူနှင့် ၎င်း၏အဖွဲ့ဝ င်နိုင်ငံများထံ လိပ်မူထားသည့် အကြံပြုတိုက်တွန်းချက်များ ပါဝင်သည်။

ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ခြင်းကဲ့သို့ မြန်မာနိုင်ငံအပေါ်က အီးယူက ပြုလုပ်ခဲ့သော ဒဏ်ခတ်ပိတ်ဆို့ခြင်းမျိုး ပြန်လည်ပြုလုပ်ခြင်းက ခိုင်မာသည့်တိုးတက်မှုများ ရရှိအောင် ပြုလုပ်ရာတွင် အထောက်အကူပြုနိုင်မည် မဟုတ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ထို့အပြင် ယင်းသို့ ဒဏ်ခတ်မှုများ ပြန်လည်ပြုလုပ်ခြင်းက အနာဂါတ်အတွက် မူဝါဒရွေးချယ်စရာများကို ထိန်းချုပ်ကန့်သတ်သည့် အန္တရာယ် ဖြစ်လာနိုင်သည့်အပြင် ရင်းနှီးမြုပ်နှံသူများအပေါ် မရည်ရွယ်သည့် အချက်ပြုမှုများဖြစ်ပေါ်စေကာ သာမာန်မြန်မာပြည်သူများ ထိခိုက်စေသည့် စီးပွားရေးအပေါ် ရိုက်ခတ်စေနိုင်သည်ဟု လည်းအစီရင်ခံစာကဆိုသည်။

အကျပ်အတည်းကိုင်တွယ်ရေးအတွက် ချက်ခြင်းဆောင်ရွက်ရမည့် ဦးစားပေးကိစ္စများအတွက် စက်တင်ဘာ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုတွင် အဓိကအချက်များကို ဖော်ပြခဲ့သည်ဟု ICG က ဆိုသည်။

ယင်းအချက်များတွင် အကြမ်းဖက်မှုနှင့် ကျေးရွာများဖျက်ဆီးမှု အဆုံးသတ်ရေး၊ ထိခိုက်မှုရှိရာနေရာများသို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့များ လွတ်လပ်စွာဝင်ရောက်ခွင့်ရရေး၊ နိုင်ငံတကာဥပဒေနှင့်အညီ ဒုက္ခသည်များမိမိတို့ မူလနေထိုင်ရာနေရာများသို့ ဆန္ဒအလျောက်ပြန်လာစေရေးနှင့် အာနန်ကော်မရှင်၏ ထောက်ခံအကြံပြုချက်များကို အချိန်မီ အကောင်အထည်ဖော်ရေးတို့ ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံရန် ကြိုးပမ်းမှုများကို အီးယူအနေဖြင့် ထောက်ခံသင့်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံကို မိန့်ခွန်းပြောကြားပြီး သူမ၏ရာထူးပါဝါကို အပြည့်အဝအသုံးချကာ နိုင်ငံအား ပို၍အပြုသဘောဆောင်သည့် ဦးတည်ဖက်သို့ ဆွဲခေါ်ရေး ဆောင်ရွက်သင့်သည်ဟုဆိုသည်။

အကျပ်အတည်းက အားကောင်းသည့် အမျိုးသားရေးစိတ်ဓါတ်ကို ထိန်းမနိုင်သိမ်းမရဖြစ်အောင် ဖြစ်ပေါ်စေခဲ့ပြီး တစ်ယူသန်အယူအဆများကို ကြီးမားစွာ ခိုင်မာစေခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်၏ ချဉ်းကပ်ဆောင်ရွက်မှုတို့ကို အလွန်ခိုင်မာစွာ ထောက်ခံနေဆဲရှိနေသည်ဟုလည်း အစီရင်ခံစာကဆိုသည်။

“အန္တရာယ်ကတော့ ဒီမိုကရေစီနည်းကျ တင်မြောက်ခံရတဲ့ အစိုးရက မဆန့်ကျင်တဲ့ ဒီလိုကျဉ်းမြောင်းတဲ့ အမျိုးရေးစိတ်ဓါတ်ကို တစ်ခါစွဲကိုင်လိုက်တာနဲ့ ဒီစိတ်ဓါတ်တွေက အနာဂါတ်မှာ အကျပ်အတည်းအပေါ် အစိုးရရဲ့ တုံပြန်မှုတွေကို ကန့်သတ်ထိန်းချုပ်ပါလိမ့်မယ်။ ပြီးတော့ နိုင်ငံကို နောက်တစ်ကြိမ် နိုင်ငံတကာအပယ်ခံဖြစ်အောင် လုပ်ပါလိမ့်မယ်” ဟု ဖော်ပြထားသည်။

“ပြီးတော့ ဒါဟာ လူမျိုးစု၊ ဘာသာစကားနဲ့ ဘာသာရေးအရ အမျိုးမျိုးကွဲပြားနေတဲ့အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ကျယ်ပြန့်တဲ့ အမျိုးသားရေးအမှတ်လက္ခဏာတစ်ခုကို ခိုင်မာအောင်လုပ်ရာမှာ မြန်မာနိုင်ငံကို ပိုပြီးခက်ခဲစေမှာဖြစ်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar