မြန်မာနိုင်ငံအခြေစိုက် ညွှန်ကြားရေးမှူးတစ်ဦးကို ကမ္ဘာ့ဘဏ်က ပထမဆုံး ခန့်အပ်

ရန်ကုန်၊ ဇူလိုင် ၄

ညွှန်ကြားရေးမှူးအဆင့်ရှိသည့် ဌာနေကိုယ်စားလှယ်တစ်ဦးအား ရန်ကုန်မြို့တွင် အခြေစိုက်ကာ ပထမဆုံးအကြိမ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်ဟု ကမ္ဘာ့ဘဏ်က ဇူလိုင် ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယခုအသစ်ခန့်အပ်ခံရသည့် မစ္စအယ်လင်ဂိုးလ်စတိန်းသည် မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်း၏ အဓိက တာဝန်မှာ ထိုသုံးနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်သွားရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်မအနေနဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရတဲ့အတွက် အင်မတန် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီတိုင်းပြည်တွေရဲ့ ထူးခြားတဲ့ သမိုင်းကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွေကို ပိုမို နားလည်လာအောင် ကြိုးပမ်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လတ်တလောမှာ ဒီသုံးနိုင်ငံက အရှေ့အာရှဒေသရဲ့ စီးပွားရေး တိုးတက်မှုနှုန်းအရ အမြန်ဆန်ဆုံး တိုင်းပြည်တွေထဲမှာ ပါဝင်နေပါတယ်။ တစ်နိုင်ငံချင်းစီအလိုက် သဘောတူညီထားတဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း အစီအစဉ်တွေအရ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေကို အပြောင်းအလဲ ဖြစ်စေဖို့အတွက် လူတိုင်းပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်” ဟု မစ္စ ဂိုးလ်စတိန်းက ပြောကြားသည်။

မစ္စ အယ်လင်ဂိုးလ်စတိန်းသည် အုပ်ချုပ်မှုနှင့် ရလဒ် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး မကြာခင်က ဗီယင်နာမြို့တွင် အခြေစိုက်ကာ ဥရောပတိုက်ရှိ ဘော်လကန် အနောက်ခြမ်းဒေသနှင့် အာရှတိုက် အလယ်ပိုင်း ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါ တာဝန်မတိုင်ခင်က ၎င်းသည် ဒါကာမြို့တွင် အခြေစိုက်ကာ ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နီပေါနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အာဖရိက၊ တောင်အာရှ၊ ဥရောပနှင့် အာရှတိုက် အလယ်ပိုင်းဒေသများစသည့် ဒေသအသီးသီးတွင် ကမ္ဘာ့ဘဏ်၏ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်အသီးသီးကို ထမ်းဆောင်ခဲ့ပြီး ယခုအခါ လုပ်သက်စုစုပေါင်း နှစ် ၃၀ ကျော်ရှိခဲ့ပြီဖြစ်သည်။

၎င်းသည် ရန်ကုန်မြို့တွင် အခြေစိုက်ကာ တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး သုံးနိုင်ငံရှိ အစိုးရ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအားလုံးတို့အား မကြာမီ တွေ့ဆုံသွားမည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။

အဆိုပါ သုံးနိုင်ငံတွင် ကမ္ဘာ့ဘဏ်အနေဖြင့် ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်အထိ ဖွံ့ဖြိုးရေးစီမံကိန်းပေါင်း ၄၃ ခုအား ပံ့ပိုးလျက်ရှိပြီး ငွေကြေးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂ ဒသမ ၇ ဘီလျံရှိကြောင်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar