မြန်မာနိုင်ငံသို့ ဒုက္ခသည်များ ပြန်ပို့ရေး နှောင့်နှေးမည်ဟု ဘင်္ဂလားဒေရှ့် ပြောကြား

စီစဉ်ထားမှုများ ပြည့်စုံခြင်း မရှိသေးသောကြောင့် မူလ စီစဉ်ထားသည့်အတိုင်း မနက်ဖြန် (ဇန်နဝါရီ ၂၃ ရက်နေ့) တွင် ဒုက္ခသည်များအား ဘင်္ဂလားဒေရှ့်မှ မြန်မာနိုင်ငံသို့ ပြန်ပို့ရေးမှာ ဖြစ်လာနိုင်မည်မဟုတ်သေးဟု ဘင်္ဂလားဒေ့ရှ်က ပြောသည်။

“လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်” ဟုဘင်္ဂလားဒေရှ့်၏ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ မဟာမင်းကြီး အဗ္ဗဒူလ်ကာလမ်က ရိုက်တာသတင်းဌာနကို တယ်လီဖုန်းဖြင့် ယနေ့ပြောကြားသည်။

“ပြန်ပို့ရမဲ့လူစာရင်းက ပြင်ဆင်ဖို့ ရှိသေးတယ်။ သူတို့ကို စိစစ်အတည်ပြုဖို့နဲ့ တစ်ထောက်နားစခန်းတွေ တည်ဆောက်မှုလည်း ကျန်နေသေးတယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်သီတင်းပတ်က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ အင်္ဂါနေ့မှ စတင်ကာ နှစ်နိုင်ငံနယ်စပ်အနီးရှီ ယာယီစခန်းတစ်ခုနှင့် လက်ခံစင်တာနှစ်ခုတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်များကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံက စီစဉ်ထားပြီး နှစ်နှစ်အတွင်း အပြီးဆောင်ရွက်ရန်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်သွေးကြွများက တိုက်ခိုက်ခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် မြန်မာစစ်တပ်က စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီးနောက် ရိုဟင်ဂျာမူဆလင် ၆၅၅,၅၀၀ ကျော်မှာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြသည်။ အဆိုပါစစ်ဆင်ရေးများမှာ လူမျိုးစုအလိုက် ရှင်းလင်းမှုများ ဖြစ်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သော်လည်း မြန်မာအစိုးရကမူ ငြင်းဆိုထားသည်။

မြန်မာဘက်ကမူ ရိုဟင်ဂျာများအား ပြန်လည်လက်ခံရန် အသင့်ဖြစ်နေပြီဟု ပြောကြားသည်။

“သူတို့ပြန်လာတာနဲ့ လက်ခံဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့အပိုင်းကတော့ ပြင်ဆင်ထားမှုတွေက အဆင်သင့်ဖြစ်နေပါပြီ” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ရိုက်တာကို တယ်လီဖုန်းမှတစ်ဆင့် ပြောကြားသည်။

နှောင့်နှေးမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်က မြန်မာဘက်အား အကြောင်းကြားမှုရှိမရှိကိုမူ ၎င်းက ဖြေကြားခြင်းမရှိပေ။

နယ်စပ်ဖြစ်သည့် နတ်မြစ်အနီးရှိ ပလောင်ခါလီ ဒုက္ခသည်စခန်းတွင် ယနေ့နံနက်ပိုင်းက ရိုဟင်ဂျာခေါင်းဆောင်အချို့ စုဝေးကာ မြန်မာနိုင်ငံသို့ ၎င်းတို့ ပြန်လာရေးအတွက် လိုလားချက်အချို့ကို အသံချဲ့စက်များ၊ ဆိုင်းဘုတ်များဖြင့် တောင်းဆိုခဲ့ကြသည်။

အဆိုပါတောင်းဆိုချက်များတွင် လုံခြုံရေးအတွက် အာမခံချက်ပေးရန်၊ နိုင်ငံသားဖြစ်ခွင့်ပေးရန်နှင့် ၎င်းတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်တို့ ပါဝင်သည်။ ထို့ပြင် စစ်ဆင်ရေးကာလအတွင်း မီးလောင်ပျက်စီးသွားသော အိမ်များ၊ ဗလီများနှင့် ကျောင်းများအား ပြန်လည်တည်ဆောက်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဆန္ဒပြတောင်းဆိုနေသည်နေရာသို့ ဘင်္ဂလားဒေရှ့်စစ်တပ် အရာရှိများ ရောက်ရှိလာပြီး လူ ၃၀၀ ခန့်ပါဝင်သည့် လူအုပ်စုကို လူစုခွဲခဲ့သည်။ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာ ခေါင်းဆောင်အချို့ကို စစ်တပ်က ခေါ်ဆောင်သွားသည်ကို တွေ့ရှိခဲ့ကြောင်း မျက်မြင်သက်သေအချို့က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက ဒုက္ခသည်စခန်းများတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်ဆိုသည်နှင့် ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ရရှိခြင်းမရှိဟု ဘင်္ဂလားဒေရှ့်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Rashedul Hasan က ပြောကြားသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် ကြိုးစားနေသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar