မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ တင်ပို့မှုကို အစ္စရေးက ဆိုင်းငံ့

ရခိုင်ပြည်နယ်ပြဿနာကြောင့် မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာပစ္စည်းများ တင်ပို့မှုကို အစ္စရေးက ဆိုင်းငံ့ထားသည်ဟု ပြင်သစ်သတင်းဌာနက တစ်ခုက ရေးသားထားသော်လည်း အစ္စရေးကမူ တစ်စုံတစ်ရာ မှတ်ချက်ပြုခြင်းမရှိဟု အစ္စရေး ထိပ်တန်းသတင်းစာတစ်စောင်က နိုဝင်ဘာ ၁ ရက်နေ့တွင် ရေးသားထားသည်။

ထိုသို့ တင်ပို့မှု ဆိုင်းငံ့လိုက်သည်ဟူသည့် သတင်းကို ပြင်သစ်အခြေစိုက် Intelligence Online က ရေးသားထားခြင်းဖြစ်သည်။ ထိုသတင်းနှင့် ပတ်သက်ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး Mr Avigdor Libermen က မှတ်ချက်ပြု ပြောကြားရန် ငြင်းဆိုလိုက်သည်ဟု Times of Israel က ရေးသားထားသည်။

“မြန်မာနိုင်ငံသို့ စစ်ဘက်ဆိုင်ရာ တင်ပို့ခွင့် လိုင်စင်များကို တားဆီးရန်အတွက် အစ္စရေး ကာကွယ်ရေးဝန်ကြီးက သိုသိုသိပ်သိပ်နှင့် အခိုင်အမာ ဆုံးဖြတ်ခဲ့သည်” ဟု Intelligence Online က ရေးသားထားသည်။

လူ့အခွင့်အရေး ချိုးဖောက်နေသူများထံ လက်နက်များ ရောင်းချခြင်းကို တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေသည့် အစ္စရေးရှေ့နေတစ်ဦးဖြစ်သူ Mr Eitay Mack ကမူ အဆိုပါသတင်းကို သံသယဖြစ်မိသည်ဟု Times of Israel ကို ပြောကြားသည်။

အဆိုပါသတင်းမှာ အတည်ပြုနိုင်ခြင်းမရှိဟုလည်း ၎င်းကပြောသည်။ ယခင်က လက်နက်ရောင်းချမှုအချို့ကို အစ္စရေးက ရပ်ဆိုင်းခြင်းများ ရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် နိုင်ငံများသို့ လက်နက်များ ရောင်းချမှုကို လုံးလုံးရပ်တန့်ခြင်းမရှိဟု ၎င်းက သတင်းစာကို ပြောကြားသည်။

“ဒါက ပထမဆုံး ဖြစ်မှာပါ။ ဒါက မှန်ကန်ပါစေလို့ ကျွန်တော်မျှော်လင့်တယ်ဆိုတာကိုလည်း ကျွန်တော်ပြောချင်ပါတယ်” ဟု ၎င်းက သတင်းစာကို ပြောကြားသည်။

အစ္စရေးနှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှုအချို့ လူသိရှင်ကြား ဖြစ်သွားပြီချိန်ကတည်းက စတင်ကာ အစ္စရေးက စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောင်းချမှုနေမှုမှာ ဆွေးနွေးစရာကိစ္စတစ်ခုဖြစ်လာသည်ဟု Intelligence Online တွင် ရေးသားထားသည်။

ထိုအထဲတွင် ကင်းလှည့်ရေယာဉ်များ ရောင်းချမှုလည်း ပါဝင်သည်။ အဆိုပါရေယာဉ်များ ဝယ်ယူမှုကို မြန်မာစစ်တပ်က Facebook စာမျက်နှာတွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

အစ္စရေးနိုင်ငံထုတ် အမြန်သွား ကင်းလှည့်ရေယာဉ်အမျိုးအစားဖြစ်သည့် Super Dvora Mk III ခြောက်စီးအား မြန်မာစစ်တပ်က မှာယူခဲ့သည်ဟု သိရသည်။

ထို့ပြင် အစ္စရေးနိုင်ငံ TAR Ideals Concept ကုမ္ပဏီက ၎င်းတို့ ဝက်ဘ်ဆိုက်တွင် မတော်တဆ ထုတ်ပြန်မိဟန်တူသည့် အချက်အလက်များအရ ထောင့်ချိုးများသို့ ချိုးကွေ့ ပစ်ခတ်နိုင်သည့် ကိရိယာပါဝင်သော သေနတ်များကို မြန်မာနိုင်ငံသို့ ၎င်းတို့ ရောင်းချခဲ့သည်ဟု သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ အထူးတပ်ဖွဲ့များကိုလည်း လေ့ကျင့်ပေးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar