နေပြည်တော်
အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွားရောက်လိုသည့် မြန်မာနိုင်ငံသားများအား အခမဲ့ဗီဇာ ထုတ်ပေးမည့်အစီအစဉ်ကို မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်က ကြေညာခဲ့သည်။
စက်တင်ဘာ ၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုုပ် နာရင်ဒ္ဒြာမိုဒီက ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးသားထားသည်။
“အိန္ဒိယနိုင်ငံသို့ အလည်အပတ်သွားရောက်လိုတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် အခမဲ့ဗီဇာပေးအပ်မှု အစီအစဉ် စတင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ကျွန်တော့အနေနဲ့ ဝမ်းမြောက်စွာ ကြေညာလိုပါတယ်” ဟု မိုဒီက ပြောကြားသည်။
ထို့ပြင် အိန္ဒိယနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသည့် မြန်မာနိုင်ငံသား ၄၀ ကို ပြန်လွှတ်ပေးရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်ကိုလည်း ၎င်းက ကြေညာခဲ့သည်။
“သူတို့အနေနဲ့ မြန်မာနိုင်ငံက မိသားစုတွေနဲ့ မကြာမီ တွေ့ဆုံနိုင်တော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု မိုဒီက ပြောကြားသည်။
ဝန်ကြီးချုပ်၏ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံးမှုဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ နည်းပညာနှင့် နယ်စပ်ရေးရာကိစ္စရပ်များနှင့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က စတင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ခိုင်မာသည့် ရပ်တည်ချက်ကြောင့် အိန္ဒိယနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိုဒီကို ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မိုဒီကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို နားလည်ပါကြောင်း။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ အထူးသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။