မြန်မာနိုင်ငံသားများက နံပါတ်တစ် ဦးစားပေး ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

အောက်တိုဘာ ၁၂

မြန်မာနိုင်ငံသားများသည် နံပါတ်တစ်ဦးစားပေးဖြစ်ကာ တပ်မတော်အနေဖြင့် နိုင်ငံသားများကို ကာကွယ်သွားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Bert Koenders နှင့် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၌ တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အရေးကိစ္စများသည် ဘာသာရေး ပဋိပက္ခများမဟုတ်ဘဲ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကာ အရေးကြီးဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ ထို့ပြင် နိုင်ငံတကာနှင့် ပတ်သက်သည်များကိုလည်း နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီလက်အောက် ကျရောက်စဉ် ဘင်္ဂလားနယ်မှ ခေါ်လာသည့် ဘင်္ဂါလီများ မြန်မာနိုင်ငံ ရခိုင်ဒေသသို့ ရောက်ရှိပြီး မပြန်တော့ခြင်းမှ ဒေသခံများနှင့် ပဋိပက္ခ စတင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့က မြန်မာနိုင်ငံ ဓလေ့ထုံးစံများကို လိုက်နာခြင်းမရှိသဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၎င်းဘင်္ဂါလီများက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ စစ်ဆေးမှုကို မခံယူကြောင်းနှင့် အရေးကြီးဆုံးမှာ ဥပဒေနှင့်အညီ စစ်ဆေးမှုကို ခံယူခြင်း၊ ဥပဒေနှင့် ညီညွတ်သူများကို ရသင့်ရထိုက်သည့် အခွင့်အရေးများပေးခြင်း၊ ဥပဒေနှင့် မကိုက်ညီသည်များကိုလည်း UNHCR ၏ အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

တပ်မတော်အနေဖြင့်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်မှုများအား အကောင်းဆုံး ကူညီ လုပ်ဆောင်ပေးမည်ဟု ၎င်းက ပြောကြားသည်။

အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံခဲ့မှုအပြီးတွင် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသလို အကြမ်းဖက်သူများနှင့် အပြန်အလှန်ပစ်ခတ်မှုအချို့လည်း ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် အောက်တိုဘာ ၁၁ ရက်နေ့တွင် တပ်မတော်သား ငါးဦး ကျဆုံးခဲ့ရသည်။

ယနေ့ နံနက်ပိုင်းကလည်း ကြက်ရိုးပြင်ကျေးရွာသို့ တပ်မတော်စစ်ကြောင်း ရောက်ရှိ ရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အလောင်း ၁၀ လောင်းနှင့် တစ်လုံးထိုးသေနတ် တစ်လက်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar