မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားရှိသူများကိုသာ ပြန်လည်လက်ခံမည်ဟု အစိုးရက ပြောကြား

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိနေသူများအနက် မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြနိုင်သူများကိုသာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုမည်ဟု မြန်မာအစိုးရ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေး ရောက်ရှိသူများအား ရည်ညွှန်းကာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက စက်တင်ဘာ ၆ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ ဒုက္ခသည် ၁၂၀,၀၀၀ ကျော် ရောက်ရှိနေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဦးသောင်းထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

နေပြည်တော်တွင် ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲတွင် ဒုက္ခသည်များအား ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင် နေထိုင်ပြီး နိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်သူများကိုသာ ပြန်လည်လက်ခံမည်ဟု ပြောကြားသည်။

“သူတို့မှာ အထောက်အထားရှိတယ်ဆိုရင် အရင်နှစ်တွေတုန်းကလိုပဲ ကျွန်တော်တို့ ပြန်လည်လက်ခံနိုင်ပါတယ်” ဟု ၎င်းကပြောကြားသည်။ ယခင်အစိုးရများလက်ထက်က ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ရောက်ရှိနေသူများကို အထောက်အထား စိစစ်ကာ ပြန်လည်လက်ခံခဲ့ခြင်းကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

“သူတို့ဆီမှာ အထောက်အထားမရှိဘူးဆိုရင်တော့ ဒါက မဖြစ်နိုင်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သို့သော် မည်ကဲ့သို့ အထောက်အထားများ လိုအပ်သည်ဆိုသည်ကိုမူ ဦးသောင်းထွန်းက ရှင်းလင်းစွာ ပြောကြားခြင်း မရှိပေ။

ရခိုင်ပြည်နယ်တွင်းရှိ မူဆလင်အများစုအား ဝှိုက်ကတ်ဟုခေါ်သည့် ယာယီသက်သေခံလက်မှတ်များကို ထုတ်ပေးထားခဲ့သော်လည်း ၂၀၁၅ ခုနှစ် မေလတွင် အဆိုပါကတ်များကို ပြန်လည်သိမ်းဆည်းခဲ့သည်။ ထို့နောက် ဝှိုက်ကတ်ကိုင်ဆောင်ထားသူ ခုနစ်သိန်းခန့်အား နိုင်ငံသားစိစစ်မှုခံယူရမည့်သူ၏ သက်သေခံကတ်ပြား (NVC) များဖြင့် အစိုးရက လဲလှယ်ပေးခဲ့သော်လည်း လေးသိန်းခန့်သာ လာရောက် လဲလှယ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ဦးသောင်းထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မပါဝင်လာစေရေးအတွက်လည်း ၎င်းအနေဖြင့် နိုင်ငံအချို့အပေါ် သြဇာလွှမ်းမိုးနိုင်ရန် ကြိုးစားနေသည်ဟု ဆက်လက်ပြောကြားသည်။

မည်သည့်နိုင်ငံများအား ချဉ်းကပ်ကြိုးစားနေသည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း လုံခြုံရေးကောင်စီတွင် ဆွေးနွေးခြင်းအား တားဆီးနိုင်မည့် အာဏာရှိသော အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည်ဟု ၎င်းကဆိုသည်။

သြဂုတ် ၂၅ ရက်နေ့က ရဲစခန်း ၃၀ အား ARSA က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး သမ္မတဦးထင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေ့စဉ်ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ၎င်းကပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများမှာ ယခင်က ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် လူ့အဖွဲ့အစည်းနှစ်ခုကြား ပဋိပက္ခများနှင့် ထူးထူးခြားခြား ကွဲပြားနေပြီး နိုင်ငံ၏ အချုပ်အခြာကို ခြိမ်းခြောက်နေသည်ဟု ဦးသောင်းထွန်းက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့နယ်မြေပိုင်နက်နဲ့ ပြည်သူတွေကို ကာကွယ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် “အပြစ်မဲ့ အရပ်သားများအား ထိခိုက်မှုမှ ရှောင်ရှားရန်” ကြိုးစားသွားမည်ဟုလည်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါဒေသရှိ မူဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် အစိုးရအနေဖြင့် ခိုင်မာသည့်အထောက်အထားမရှိသည့် စွပ်စွဲမှုများကို လက်ခံမည်မဟုတ်ဟု ၎င်းကပြန်လည်ဖြေကြားသည်။

လူမှုကွန်ယက်ပေါ်တွင် မှားယွင်းသည့် သတင်းအချက်အလက်များ ဖြန့်ချိမှုရှိနေသည်ဟု ၎င်းကပြောကြားခဲ့ပြီး တူရကီ ဒုတိယဝန်ကြီးချုပ်က Twitter ပေါ်တွင် ဖြန့်ဝေခဲ့သည့် ဓာတ်ပုံများကို ၎င်းက ရည်ညွှန်းပြောကြားခဲ့သည်။

လူမျိုးစု ရှင်းလင်းသတ်ဖြတ်မှုများအား နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မမြင်ချင်ယောင်ဆောင်မနေကြရန် တိုက်တွန်းထားသည့် အဆိုပါ Twitter ပို့စ်တွင် ရခိုင်ပြည်နယ်မှ ဓာတ်ပုံများဟု ဖော်ပြထားသော်လည်း ထိုအထဲမှ အနည်းဆုံးသုံးပုံမှာ အခြားနိုင်ငံများမှ ဓာတ်ပုံများဖြစ်နေသည်။ ထိုအထဲတွင် ရဝမ်ဒါနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည် လူမျိုးသုဉ်းသတ်ဖြတ်မှုမှ ဓာတ်ပုံတစ်ပုံလည်း ပါဝင်သည်။

“ဒီလိုမှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ဦးသောင်းထွန်းက ပြောကြားခဲ့သည်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar