မြန်မာနိုင်ငံမှ ဒုက္ခသည်များ ထပ်မံရောက်ရှိနေမှုကြောင့် ဘင်္ဂလားဒေရှ့် ကန့်ကွက်

ရိုဟင်ဂျာများအပေါ် ဆန့်ကျင့်သည့်အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် ဟောလိဝုဒ်နာမည်ကျော်နှင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၏ ကိုယ်စားလှယ် အိန်ဂျလီနာဂျိုလီက တိုက်တွန်းလိုက်သည့် တချိန်တည်းမှာပင် မြန်မာနိုင်ငံမှ ဒုက္ခသည်များ ထပ်မံရောက်ရှိနေမှုနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံအား ကန့်ကွက်လိုက်သည်။

ရခိုင်ပြည်နယ်မှ လူများ ဘင်္ဂလားဒေရှ့်သို့ ထပ်မံ ရောက်ရှိလာမှုနှင့် ပတ်သက်ပြီး မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် အေအက်ဖ်ပီက ရေးသားထားသည်။ ထပ်မံရောက်ရှိလာကြသူများမှာ ရခိုင်ဗုဒ္ဓဘာသာနှင့် အခြားတိုင်းရင်းသားများဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသည့် အကြီးတန်းအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။ သို့သော် အရေအတွက်ကိုမူ ၎င်းကပြောကြားခြင်းမရှိပေ။

ရခိုင်ပြည်နယ်တွင် အစိုးရတပ်ဖွဲ့ဝင်များနှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြားမှာ နေရပ်ဒေသများကို စွန့်ခွာထွက်ပြေးနေကြရသည်။

“အရေအတွက်က တိုးတိုးလာပါတယ်။ တချို့တွေက နယ်စပ်မှာ စောင့်နေကြပြီး သူတို့လည်း ဝင်လာကြမှာပါ။ အကြမ်းဖက်မှုတွေ ရပ်တန့်သွားစေဖို့အတွက် ထိရောက်ပြီး လျှင်မြန်တဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့ (မြန်မာနိုင်ငံကို)ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု အဆိုပါအကြီးတန်းအရာရှိကပြောသည်။

ဒုက္ခသည်များက ဘင်္ဂလားဒေရှ့် အရှေ့တောင်ဘက် ဘန်ဒါဘန်ခရိုင်ရှိ ဝေးလံသည့် တောင်တန်းဒေသများကို ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဘင်္ဂလားဒေရှ့် နယ်ခြားစောင့်အရာရှိတစ်ဦးကပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ကျော် ရောက်ရှိလာစဉ်ကတည်းက ဘင်္ဂလားဒေရှ့်မှာ ရုန်းကန်နေရသည်။ မူဆလင် ၆၂၀,၀၀၀ ကျော်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်များအခြေချနေထိုင်ရာနေရာဖြစ်သည့် ကူတာပါလောင်တွင် နေထိုင်နေကြသည်။ အစုလိုက်အပြုံလိုက်ထွက်ပြေးလာကြစဉ် မတိုင်မီကတည်းက စခန်းများတွင် လူပေါင်း ၃၀၀,၀၀၀ ခန့် ရှိနှင့်နေပြီးဖြစ်ကာ အရင်းအမြစ်များ အကန့်အသတ်ဖြင့် ရှိနေသည့် ဘင်္ဂလားဒေရှ့်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသည်။

ဇန်နဝါရီ ၄ ရက်နေ့တွင် အေအေအဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ရသည်။ လက်တုန့်ပြန်တိုက်ခိုက်မှုများအတွင်း အေအေ ၁၃ ဦး သေဆုံးခဲ့သည်ဟု တပ်မတော်က ပြောကြားသည်။

ထိုအကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၅,၂၀၀ မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

တချိန်တည်းမှာပင် ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိနေသည့် အိန်ဂျယ်လီနာဂျိုလီက ရိုဟင်ဂျာဒုက္ခသည်များအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံကို တိုက်တွန်းပြောကြားလိုက်သည်။

စုပြုံရောက်ရှိလာသည့် ဒုက္ခသည်များအား ကြည့်ရှုစောင့်ရှောက်ရန်အတွက် အမေရိကန်ဒေါ်လာဘီလျံဝက်ခန့်အား တောင်းဆိုမည့်ကုလသမဂ္ဂ၏ အစီအစဉ်သစ်မတိုင်မီ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဘင်္ဂလားဒေရှ့်သို့ အိန်ဂျယ်လီနာဂျိုလီက ရောက်ရှိလာခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်တပ်၏ နှိပ်ကွပ်မှုများမှ ထွက်ပြေးလာသည့် မူဆလင် ၇၂၀,၀၀၀ ထဲမှ အချို့နှင့် စကားပြောဆိုရန်အတွက် ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီ (UNHCR) ၏ အထူးကိုယ်စားလှယ်ဖြစ်သူ၎င်းသည် ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။

“သူတို့ရဲ့ ဘဝတစ်လျောက်လုံးမှာ နှိပ်ကွပ်ခံရတာနဲ့ နိုင်ငံမဲ့ဖြစ်နေတာကိုပဲသိကြတဲ့ မိသားစုတွေနဲ့ တွေ့ရတာ ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ကို ကျွဲတွေ၊ နွားတွေလိုပဲ ဆက်ဆံတယ်လို့ ပြောကြပါတယ်” ဟု ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ဂျိုလီက သတင်းထောက်များကို ပြောသည်။

“ကျွန်မတွေ့ခဲ့ရတဲ့ ရိုဟင်ဂျာမိသားစုတွေဟာ တခြားဒုက္ခသည်တွေနဲ့ အရေးကြီးတဲ့သွင်ပြင်လက္ခဏာအရ တူတာရှိပါတယ်။ အဲဒါကတော့ သူတို့ အိမ်ပြန်နိုင်လိုကြတာပါပဲ” ဟုလည်း ၎င်းကပြောသည်။

ဒုက္ခသည်များအတွက် အခွင့်အရေးများ ရရှိစေရန်နှင့် ရခိုင်ပြည်နယ်သို့ ပြန်နိုင်ရေးမှာ မြန်မာအစိုးရနှင့် အာဏာပိုင်များအပေါ်တွင် တည်မှီနေသည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar