ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ မြောက် လွတ်လပ်ရေးနေ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဝဏ်လွှာပေးပို့ခဲ့ရာတွင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲဖက်အဖြစ် ဆက်လက် ရပ်တည်နေသည်ဟု ဖော်ပြထားသည်။
သမ္မတဦးထင်ကျော်ထံ ယနေ့ နေ့စွဲဖြင့် ပေးပို့သည့် အဆိုပါသဝဏ်လွှာတွင် “မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့အတွက် ဂုဏ်ယူပါကြောင်းနှင့် မြန်မာနိုင်ငံသားများအတွက် အကောင်းဆုံးဆုမွန်ကောင်း တောင်းပါကြောင်း အမေရိကန်နိုင်ငံသားများက ပြောကြားအပ်ပါသည်” ဟု ဖော်ပြထားသည်။
“အဆွေတော်၏ နိုင်ငံ အောင်မြင်မှု အဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သော ဒီမိုကရက်တစ် စံတန်ဖိုးမှာ အဓိက အရေးပါလျက် ရှိနေပါသေးသည်” ဟုလည်း ထရမ့်၏ သဝဏ်လွှာတွင် ဆက်လက်ဖော်ပြထားသည်။
ထို့ပြင် “ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိသော မြန်မာနိုင်ငံနှင့် မိတ်ဆွေအနေနှင့်ရော လက်တွဲဖက်နိုင်ငံအနေဖြင့်ပါ အမေရိကန်ပြည်ထောင်စုက ဆက်လက် ရပ်တည်လျက်ရှိနေပါမည်” ဟု ဆက်လက် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် လများအတွင်း ဖြစ်ပေါ်ခဲ့သည့် ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအပေါ် ပြစ်တင်မှုများ မပြုလုပ်မိစေရန် အမေရိကန်အစိုးရက သတိထား ဆောင်ရွက်နေသည်။ သို့သော် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအပေါ် ပြစ်တင်ခဲ့ပြီး “လူမျိုးစုအလိုက် ရှင်းလင်းမှု” ဖြစ်သည်ဟု ၎င်းတို့က သတ်မှတ်ခဲ့သည့် အဆိုပါဖြစ်စဉ်အတွက် တာဝန်ရှိသူဟုဆိုသည့် တပ်မတော်မှ ဗိုလ်ချုပ်မောင်မောင်စိုးကို အရေးယူပိတ်ဆို့မည်ဟု ဒီဇင်ဘာလအတွင်းက ကြေညာခဲ့သည်။