မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံကြရန် ဝန်ကြီးချုပ်နှစ်ဦးက Horasis Asia ဆွေးနွေးပွဲ၌ ဖိတ်ခေါ်

အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့၌ ကျင်းပခဲ့သည့် Horasis Asia Meeting သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့ တက်ရောက်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ကြရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲအား အနောက် ဘင်္ဂလားပြည်နယ်နှင့် အိန္ဒိယ ကုန်သည်ကြီးများအသင်း (ICC) တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် နိုဝင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့များက ကျင်းပခဲ့ခြင်းဖြစ်ကာ နိုင်ငံပေါင်း ၆၅ နိုင်ငံမှ လုပ်ငန်းရှင် ၃၅၀ ကျော် တက်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုပွဲတွင် ဒေါက်တာဇော်မြင့်မောင်က မန္တလေးဒေသ၏ တည်နေရာသည် မြန်မာနိုင်ငံတွင် အချက်အခြာကျမှု၊ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံအကြား ရေရှည်ဆက်ဆံရေး တည်မြဲမှု၊ နှစ်နိုင်ငံ၏ ခိုင်မာသော ယဉ်ကျေးမှု ယုံကြည်ချက်များနှင့် အခြား တူညီမှုများကို အဓိက တင်ပြဆွေးနွေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးတို့တွင် ပါဝင်ကြရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။

မန္တလေးဒေသသည် ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် အသီးအရွက်များ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့၏ ဆုံမှတ်ဖြစ်သည်ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ကာ လူဦးရေခြောက်သန်းကျော်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့လည်းဖြစ်သည့် မန္တလေးမြို့သည် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ကောင်းမွန်သော နေရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

 စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့ကလည်း အိန္ဒိယနိုင်ငံရှိ ပြည်နယ်များနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကျိုးအမြတ် ရရှိနိုင်သည့် ရင်းနှီးမြုပ်နှံမှုများနှင့် စပ်လျဉ်းသော ထင်မြင် ယူဆချက်များအား အခမ်းအနားသို့ တက်ရောက်လာသူများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ကျောက်မီးသွေး ပေါကြွယ်ဝမှုကြောင့် စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အခြားသော ဆက်စပ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အထူး သင့်လျော်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

လူဦးရေ ၅ ဒသမ ၃ သန်းခန့်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးသည် သဘာဝ သယံဇာတများ ပေါကြွယ်ဝသည့်အပြင် သစ်တောဧက ၉ သန်း၊ စိုက်ပျိုးမြေဧက ၅ သန်းကျော်နှင့် မြေလွတ်မြေရိုင်း ဧကပေါင်း ၄ သန်းကျော်အားလည်း ပိုင်ဆိုင်ထားသလို အထက်မြန်မာပြည်၏ စပါးကျီ ဖြစ်သည်ဟုလည်း ၎င်းက ဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများအား ပြောကြားခဲ့သည်။

အာဆီယံဒေသအတွင်း အလားအလာရှိ ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေး အခွင့်အလမ်းများအား စူးစမ်း ရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သည့် Horasis Asia Meeting သို့ တက်ရောက်လာသည့် နိုင်ငံတကာမှ အမှုဆောင် အရာရှိချုပ်များနှင့် ရင်းနှီးမြှုပ်နှံသူများက ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာ မြင့်နိုင်တို့၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ပတ်သက်သည့် ဆွေးနွေး ပြောဆိုမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်နှစ်ဦးလုံးက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအား တိုးတက်ဖွံ့ဖြိုးစေမည့် နည်းပညာများ အစရှိသည့် နိုင်ငံတိုးတက် ဖွံ့ဖြိုးမှုအပေါ် ပိုမိုအထောက်အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံသို့ လာရောက်ကြရန် ဖိတ်ခေါ်ခဲ့ကြသည်ဟု ဆက်လက်ဖော်ပြထားသည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရှိ စီးပွားရေးနယ်ပယ် အသီးသီးမှ ထိပ်တန်း လုပ်ငန်းရှင်အချို့လည်း တက်ရောက်ခဲ့ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.