မြန်မာနိုင်ငံအတွက် ငှက်ဖျားတိုက်ဖျက်ရေး အစီအစဉ်သစ်ဖြစ်သော Defeat Malaria ကို ပေးအပ်မည်ဟု အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးမှု အကူအညီပေးရေးအဖွဲ့ (USAID) က သြဂုတ် ၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။
မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်းတန် ငါးနှစ်ကြာ အဆိုပါ အစီအစဉ်မှာ အမေရိကန်သမ္မတ၏ ငှက်ဖျားတိုက်ဖျက်ရေးအစီအစဉ် U.S. President’s Malaria Initiative (PMI) ၏ လက်အောက်မှဖြစ်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရည်မှန်းချက်ကြီးပေမယ့် အောင်မြင်နိုင်တဲ့ ဒီရည်မှန်းချက်ပန်းတိုင်ဟာ အမျိုးသား ငှက်ဖျားအစီအစဉ်ကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ အားထုတ်မှုကို ဆထက်ထမ်းပိုး ဆောင်ရွက်ဖို့ ပြန်ပေါ်လာတဲ့ နှိုးဆော်ချက်တစ်ခုပါ။ ဒီကနေ့ ကျွန်တော်တို့ဟာ စိန်ခေါ်မှုတွေရှိပြီး ကြီးမားတဲ့ အားထုတ်မှုအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလှူရှင်တွေ၊ ပါတနာတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း အမေရိကန်အစိုးရရဲ့ ကတိကဝတ်ကို ထပ်မံအတည်ပြု ပြောကြားလိုပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီယယ်က နေပြည်တော်တွင် ပြောကြားခဲ့သည်။
အစီအစဉ်တွင် ငှက်ဖျားရောဂါ အမြစ်ဖြတ်ရေး နောက်ဆုံးပန်းတိုင်ကို ရောက်စေရန် ကျေးရွာအဆင့်အထိ ထိရောက်သည့် ထိန်းချုပ်မှုများ အကောင်အထည်ဖော်မည့် ပေါ်လစီများကို ပံ့ပိုးရန် Defeat Malaria အစီအစဉ်က မြန်မာအမျိုးသား ငှက်ဖျားထိန်းချုပ်ရေးအစီအစဉ်၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်မည်ဖြစ်သည်။
Defeat Malaria သည် ဆေးယဉ်ေ ရာဂါများကို အောင်မြင်သည့် ကုသမှုများကို အရှိန်မြင့်ရေး၊ ပေါင်းစည်းရပ်ရွာကိစ္စ စီမံခန့်ခွဲမှုနှင့် အချိန်နှင့် တစ်ပြေးညီ အချက်အလက်အစီရင်ခံမှုတို့အား အရှိန်မြင့်လုပ်ဆောင်ရန် ဆန်းသစ်သည့် လုပ်ဆောင်ချက်များဖြင့် စတင်လုပ်ဆောင်မည်ဖြစ်သည်။
Defeat Malaria သည် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့သော အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့သည့် အောင်မြင်သော ငှက်ဖျားရောဂါ ထိန်းချုပ်တားဆီးရေးစီမံချက်(CAP-Malaria) နောက်တွင် ကပ်ပါလာသည့် အစီအစဉ်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
CAP-Malaria သည် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခုမှ မြို့နယ် ၂၉ မြို့နယ်တွင် ငှက်ဖျားထိန်းချုပ်တားဆီးရေးကို ခိုင်မာစေခဲ့ပြီး အထူးသဖြင့် အာတီမီဆီနင် ဆေးယဉ်ငှက်ဖျားတွင် ဖြစ်သည်ဟု ဖော်ပြထားသည်။
CAP-Malaria သည် လူဦးရေ တစ်သန်းရှိသော ဧရိယာတစ်ခုသို့ ရောက်ရှိခဲ့ပြီး စမ်းသပ်ကုသမှုများ ပြုလုပ်ပေးခဲ့ရာ ငှက်ဖျားဖြစ်ပွားမှု ၃၇ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့သည်။ ယင်းစီမံကိန်းက ကျေးရွာငှက်ဖျားတိုက်ဖျက်ရေး လုပ်သားများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ ဓါတ်ခွဲခန်းကျွမ်းကျင်သူများ စုစုပေါင်း ၅,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့သည့်အပြင် လိုအပ်သည့် ပစ္စည်းကိရိယာများလည်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။
စီမံကိန်းကာလအတွင်း လူပေါင်း ၅၇၃,၉၃၂ ဦးကို ငှက်ဖျားရှိမရှိ စမ်းသပ်ခဲ့ရာ လူပေါင်း ၂၃,၂၂၅ ဦးမှာ ငှက်ဖျားရှိနေကြောင်း တွေ့ရှိခဲ့သည်။
အစီအစဉ်သစ်ဖြစ်သော Defeat Malaria က လာမည့်ငါးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၃၃ ခုရှိ စုစုပေါင်း လူသုံးသန်းထံသို့ ရောက်ရှိမည်ဟု မျှော်လင့်ထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။