မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းများအတွက် အကူအညီ၊ ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံခန့် ပေးအပ်မည်ဟု နိုဝင်ဘာ ၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက ကြေညာခဲ့သည်။
အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပေးအပ်မည့် အဆိုပါ ယန်း ၈၀၀ ဘီလျံ (ဒေါ်လာ ၇ ဒသမ ၇ ဘီလျံ)အား အချိန်ငါးနှစ်ကာလအတွင်း ပေးအပ်မည်ဟု အာဘေးကပြောသည်။
“ဘက်ညီမ ျှတတဲ့ ဖွံ့ဖြိုးတိုးတက်မှုကနေ မြန်မာနိုင်ငံကို ပြန်လည်တည်ဆောက်ရေးအတွက် ရည်ရွယ်တဲ့ အကူအညီဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲအပြီးတွင် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းကပြောကြားသည်။
စုစုပေါင်း ယန်း ၄၀ ဘီလျံကို မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူနည်းစုများ နေထိုင်သည့် ဒေသများတွင် ချစ်ကြည်မှုများ တိုးပွားလာစေရန်အတွက် လျာထားအသုံးပြုမည်ဖြစ်သည်။
“ဒီအကူအညီကနေ ပြန်လည်ရင်ကြားစေ့ရေးရဲ့ အသီးအပွင့်တွေက မြန်မာတစ်နိုင်ငံလုံး ရောက်ရှိသွားပြီးတော့ ထပ်မံတိုးပွားလာနိုင်ဖို့က ကျွန်တော်တို့ရဲ့ မေ ျှာ်မှန်းချက်ဖြစ်ပါတယ်” ဟု အာဘေးက ပြောသည်။
ဂျပန်နိုင်ငံက ၎င်း၏ တိုင်းပြည်ကို ကူညီသည့်အတွက် ကျေးဇူးတင်ကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က ထပ်ခါတလဲလဲ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပြီးတော့ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ဒီအထောက်အပံ့တွေက အကူအညီဖြစ်စေမှာပါ” ဟု နိုဝင်ဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
သတင်း-အေအက်ဖ်ပီ