စက်တင်ဘာ ၁၄
ယခင်စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်ကတည်းက ရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အခွင့်အရေးများကို ပြန်လည်ပေးအပ်ရန် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက ယနေ့စတင် ဆောင်ရွက်လိုက်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
မြန်မာနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံသို့ ပထမဆုံး ရောက်ရှိနေချိန်နှင့် အချိန်ကိုက်ကာ ကွန်ဂရက်လွှတ်တော်သို့ ပေးပို့လိုက်သည့် စာထဲတွင် မြန်မာနိုင်ငံအနေဖြင့် Generalized System of Preferences- GSP စနစ်အရ ဆင်းရဲသည့် နိုင်ငံများသို့ ပေးအပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများ၏အကျိုးခံစားခွင့်များ ရရှိခံစားသင့်သည်ဟု အိုဘားမားက ပြောကြားထားသည်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်သို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မြန်မာနိုင်ငံအပေါ် အမေရိကန်က ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ပေးဖွယ်ရှိသည်ဟု ထင်ကြေးပေးမှုများလည်း ရှိနေသည်။
အမေရိကန်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့အတွက် ကူညီလိုသော်လည်း အာဏာရှိနေဆဲဖြစ်သည့် ဗိုလ်ချုပ်ကြီးများအပေါ် ဖိအားပေးရန်အတွက် စီးပွားရေးအရ ပိတ်ဆို့အရေးယူများကို ဆက်လက်ထားရှိလိုသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို လျှော့ပေါ့ပြီး၊ ဘဏ္ဍာရေး အကူအညီတွေနှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများ တိုးမြှင့်ရန် အဆိုပြုထားသည့် ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျုဟာဟု အမည်ပေးထားသော ဥပဒေကြမ်းတခုကို ထိပ်တန်း အမေရိကန် အထက်လွှတ်တော်အမတ် နှစ်ဦးက စက်တင်ဘာ ၁၃ ရက်နေ့က တင်သွင်းခဲ့သည်ဟု ဗီအိုအေသတင်းဌာနက ရေးသားထားသည်။
အဆိုပါ ဥပဒေကြမ်းတွင် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုများ လျှော့ချပြီး၊ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများက မြန်မာနိုင်ငံကို အကူအညီများ တိုးမြှင့်ပေးအပ်ရန် တိုက်တွန်းထားသည်ဟုဆိုသည်။ ထို့အပြင် မြန်မာစစ်တပ်အတွက် အင်္ဂလိပ်စာ သင်တန်းပို့ချခြင်း၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် စစ်တပ်က အမိန့်နာခံ ဆောင်ရွက်တတ်လာရန် အထောက်အကူဖြစ်စေမည့် အစီအစဉ်ကဲ့သို့ အကူအညီမျိုးမျာ ပေးအပ်ရန်လည်း အကြံပြုထားသည်ဟု ဗီအိုအေက ရေးသားထားသည်။
ထိုဥပဒေကြမ်းကို ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Ben Cardin နှင့် ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် John McCain တို့ ဦးဆောင်ပြီး တင်သွင်းခဲ့ခြင်း ဖြစ်သည်။