မြန်မာနယ်စပ်အနီးသို့ ဘင်္ဂလားဒေရှ့်က တိုက်လေယာဉ်နှင့် စစ်သဘောၤများ စေလွှတ်ထားဟု သတင်းထွက်ပေါ်

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာတပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်နိုင်ငံ နယ်စပ်အနီးသို့ ဘင်္ဂလားဒေရှ့်က တိုက်လေယာဉ်များနှင့် စစ်သဘောၤများ စေလွှတ်ထားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဘင်္ဂလားဒေရှ့် သတင်းစာတစ်စောင်က ရေးသားထားသည်။

သတင်းအရင်းအမြစ်အချို့မှ ရရှိသည့် သတင်းများအရ လေကြောင်းနှင့် ရေကြောင်းအုပ်စုကို မြန်မာနယ်စပ်အနီးရှိ စစ်တကောင်းသို့ စေလွှတ်ထားသည်ဟု Dhaka Tribune က စက်တင်ဘာ ၂ ရက်နေ့တွင် ရေးသားထားသည်။

မြန်မာတပ်ဖွဲ့ဝင်များက သြဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်နေ့များတွင် ဘင်္ဂလားဒေရှ့်နယ်မြေတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့မှုကို တုန့်ပြန်သည့်အနေဖြင့် ထိုသို့ တပ်များ စေလွှတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်ဟု သတင်းတွင် ဆက်လက်ရေးသားထားသည်။ စက်တင်ဘာ ၁ ရက်နေ့ တစ်ရက်ထဲတွင် မြန်မာရဟတ်ယာဉ်များက ဘင်္ဂလားဒေရှ့်နယ်မြေတွင်းသို့ သုံးကြိမ်တိုင် ဖြတ်ကျော်ပျံသန်းခဲ့ပြီးနောက် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါကာမြို့ရှိ မြန်မာသံရုံးသို့ စာတစ်စောင် ပေးပို့ခဲ့သည်ဟု ရေးသားထားသည်။

နယ်စပ်အနီးသို့ စေလွှတ်ထားသည့် စစ်လေယာဉ်များတွင် MiG-29 လေးစီးအပြင် F-7 ဂျက်လေယာဉ် ခုနစ်စီးလည်း ပါဝင်ဖွယ်ရှိသည်ဟု ရေးသားထားသည်။ ရေတပ်အုပ်စုတွင် ဘင်္ဂလားဒေရှ့် ရေတပ်၏ အဆင့်မြင့်ဆုံး ဒုံးကျည်တင်သင်္ဘောဖြစ်သည့် BNS Bangabandu အပါအဝင် သင်္ဘောခုနစ်စင်းမှ ကိုးစင်းအထိ ပါဝင်သည်ဟုလည်း ရေးသားထားသည်။

သို့သော် Dhaka Tribune က ဘင်္ဂလားဒေရှ့်နိုင်ငံ၏ Inter Service Public Relations Directorate ကို ဆက်သွယ်မေးမြန်းရာတွင်မူ ဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Lt Col Rashidul Hasan က ထိုကဲ့သို့ စစ်ရေးလှုပ်ရှားမှုမျိုး မရှိဟု ငြင်းဆိုခဲ့သည်။ ရေတပ်များ စေလွှတ်ထားခြင်းမရှိသော်လည်း စစ်တကောင်းအနီးတွင်မူ လေယာဉ်အုပ်စု ရှိနေသည်ကို ၎င်းက အတည်ပြုပြောကြားကြောင်း သတင်းတွင် ရေးသားထားသည်။

သို့သော် ဘင်္ဂလားဒေရှ့်ဝေဟင်အား ကာကွယ်ရန်အတွက် ပုံမှန်ဆောင်ရွက်မှုအနေဖြင့် ထိုလေယာဉ်အုပ်စု ရောက်ရှိနေခြင်းသာဖြစ်သည်ဟုလည်း ၎င်းကပြောကြားသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ARSA အဖွဲ့နှင့် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်နေ့က ရဲစခန်းများအား ARSA က ရုတ်တရက် တိုက်ခိုက်ပြီးနောက် စတင်ဖြစ်ပေါ်ခဲ့သည့် မငြိမ်သက်မှုများကြောင့် လူပေါင်း ၄၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်သည်။ ထိုအထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးခန့်နှင့် အရပ်သား ၁၄ ဦးခန့်လည်း ပါဝင်ခဲ့သည်။ တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သူအများစုမှာ ARSA အဖွဲ့ဝင်များဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

တိုက်ခိုက်မှုများ စတင်ခဲ့ချိန်က စတင်ကာ လူပေါင်း ၆၀,၀၀၀ ခန့်မှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ထို့ပြင် မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေတို့တွင် ဖွင့်လှစ်ထားသည့် ယာယီစခန်းများတွင်လည်း နေရပ်စွန့်ခွာထွက်ပြေးလာသူ ရာပေါင်းများစွာ ခိုလှုံနေကြရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar