မြန်မာဒုက္ခသည်များနှင့် ပတ်သက်ပြီး ယန်ဟီလီ၏ ပြောကြားချက်ကို ထိုင်းအစိုးရ ပယ်ချ

မြန်မာနိုင်ငံနှင့် နယ်စပ်ရှိ ဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ် ယန်ဟီလီ၏ ပြောကြားချက်ကို ထိုင်းနိုင်ငံက ပယ်ချလိုက်ပြီး မှန်ကန်မှုမရှိဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်းမှ ပဋိပက္ခများကြောင့် လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက ထိုင်းနိုင်ငံ နယ်စပ်သို့ ထွက်ပြေးခိုလှုံနေကြရသည့် ဒုက္ခသည်များသည် ယာယီအမိုးအကာများတွင် နေထိုင်နေကြရဆဲဖြစ်ပြီး အခြေခံ လူ့အခွင့်အရေး မရရှိကြသလို နောက်တစ်ကြိမ် အန္တရာယ်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ် ထုတ်ပြန်ခဲ့သည့် ယန်ဟီလီ၏ ကြေညာချက်တွင် ဖော်ပြထားကြောင်း ထိုင်းနိုင်ငံထုတ် နေရှင်းသတင်းစာက ရေးသားထားသည်။

“သူတို့အားထားနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လျော့ပါးလာတယ်လို့ ကရင်ဒုက္ခသည်တွေက ကျွန်မကို ပြောခဲ့သလို နိုင်ငံခြားအလှူရှင်တွေကလည်း သူတို့ရဲ့အကူအညီတွေကို လုံးဝဖြတ်တောက်လိုက်ပြီလို့ ရှမ်းဒုက္ခသည်တွေက ကျွန်မဆီ သတင်းပို့ပါတယ်။ ဒါဟာ အချိန်မတန်သေးဘဲ၊ အန္တရာယ်မကင်းသေးဘဲ အိမ်ပြန်ဖို့ အားပေးနေတာပါ။ သူတို့အနေနဲ့ ထိုင်းဘက်ခြမ်းမှာ ဗိုက်ဟောင်းလောင်းနဲ့နေမလား၊ မရေရာသေးတဲ့ ငြိမ်းချမ်းရေးနဲ့ မြန်မာဘက်ခြမ်းကို ပြန်မလား၊ ဒုက္ခသည်တွေ အစကနေပြန်စရတဲ့ အန္တရာယ်ကို ရင်ဆိုင်မလား ရွေးချယ်ရမှာပါ” ဟု ယန်ဟီလီက ပြောကြားခဲ့သည်ဟုဆိုသည်။

သို့သော် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ယန်ဟီလီ၏ ပြောကြားချက်ကို ပယ်ချလိုက်ပြီး အစီရင်ခံစာက မှန်ကန်မှု မရှိသည့်အပြင် တရားမျှတမှုလည်းမရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ဒုက္ခသည်များပြန်ပို့ရာတွင် အန္တရာယ်ကင်းရှင်းမှုကို အလေးထားကာ ဒုက္ခသည်တို့၏ ဆန္ဒကိုအခြေခံပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း နေရှင်းသတင်းစာက ရေးသားထားသည်။

ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်း ထွက်ပြေးခဲ့ကြသည့် မြန်မာဒုက္ခသည် ၁၀၀,၀၀၀ ကျော်ကို ထိုင်းက လက်ခံထားပြီး ယခုအခါ မဲဟောင်ဆောင်၊ တက်ခ်နှင့် ကန်ချနာဘူရီအပါအဝင် နယ်စပ်ရှိ စခန်းများတွင် နေထိုင်နေကြသည်။

အဆိုပါဒုက္ခသည်များအားလုံးမှာ နေထိုင်စားသောက်ရန်အပြင် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု မွေးစာရင်း မှတ်ပုံတင်မှုနှင့် ဘာသာရေးဆောင်ရွက်ခွင့်များ ရရှိနေသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

ဒုက္ခသည်များ ဥပဒေ၏ အကာအကွယ်ကို ရရှိရန်နှင့် အခြေခံဝန်ဆောင်မှုများရရှိရန် မှတ်ပုံတင်ရေး စီမံကိန်းအရ တရားဝင်ဖြစ်စေရေးအတွက် ထိုင်းအာဏာပိုင်များက ကူညီနေသည်ဟုလည်း ဆက်လက်ပြောကြားထားသည်။

ဒုက္ခသည်များပြန်ပို့ရေးကိစ္စတွင် ဒုက္ခသည်များ၏ ဆန္ဒ၊ ဘေးကင်းမှုနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးကို အမြဲတမ်း လိုက်နာ ဆောင်ရွက်သည်ဟုလည်း ဝန်ကြီးဌာနက ဆိုသည်။

ဒုက္ခသည်များ နေရပ်ပြန်ရေး အစီအစဉ်အရ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာ ၇၁ ဦး ၎င်းတို့ ဆန္ဒအလျောက် နေရပ်ပြန်လာခဲ့ပြီးဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံ ရေးသားသူ မစ္စယန်ဟီလီအား မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်ဟုအတွက် ပြီးခဲ့သည့်လတွင် ဘင်္ဂလားဒေရှ့်နှင့် ထိုင်းနိုင်ငံများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ခရီးစဉ်အပြီးတွင် မြန်မာဒုက္ခသည်များနှင့် ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar