မြန်မာတောဆင်ရိုင်းများ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခံရမှု စံချိန်တင်

မြန်မာတောဆင်ရိုင်းများ ပုန်းအောင်းရာနေရာ ပိုမိုရှားပါးလာမှုကြောင့် ယခုနှစ်တွင် အနည်းဆုံး အကောင် ၂၀ သတ်ဖြတ်ခံခဲ့ရသဖြင့် တရားမဝင် သတ်ဖြတ်ခံရသည့် အရေအတွက် စံချိန်တင်သွားခဲ့သည်ဟု ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WWF) က ဇွန် ၅ ရက်နေ့တွင် ပြောကြားခဲ့ပြီး ဆင်မျိုးစိတ်များ ဒုက္ခကြုံတွေ့နေရသည်ဟုလည်း ၎င်းအဖွဲ့က သတိပေးလိုက်သည်။

ဆင်မုဆိုးများက မိခင်ဆင်မကြီးနှင့် ဆင်ငယ်လေးများကို ပိုမို ပစ်မှတ်ထားလာပြီး ၎င်းတိုက အဆိပ်လူးမြှားများနှင့် ပစ်ခတ်သဖြင့် ဆင်များမှာ ဝေဒနာကြီးမားစွာဖြင့် တဖြည်းဖြည်း သေဆုံးကြရသည်။ ထို့နောက် ဆင်များကို အရေခွံခွာကြသည်ဟု WWF က ပြောကြားသည်။ ၂၀၁၇ ခုနှစ်အတွင်း ယခုအချိန်အထိ အနည်းဆုံး တောဆင်ရိုင်းအကောင် ၂၀ ၏ အလောင်းများကို နေရာနှစ်ခုတွင် တွေ့ရှိခဲ့ရာ ပုံမှန်အားဖြင့် တစ်နှစ်လုံးသတ်ဖြတ်ခံရသည့် ပမာဏထက် ကျော်လွန်နေသည်ဟု အဖွဲ့က ဆိုသည်။

ပဲခူးရိုးမနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နေရာများ၏ တောင်ပိုင်ဒေသများတွင် ဆင်များကို တရားမဝင် ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကပ်ဆိုက်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေ အထူးကျွမ်းကျင်သူ ရိုဟစ်ဆင်းက ပြောသည်။

“တကယ်လို့သာ လက်ရှိအနေအထားတိုင်း ဆက်သွားနေမယ်ဆိုရင် လာမယ့် တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အဲဒီနေရာတွေက တောင်ဆင်ရိုင်းတွေ ဆုံးရှုံးရတော့မှာပါ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

ဆင်အထီးနှင့် အမအချိုးမှာ မမျှမတဖြစ်လာပြီး ထိုသို့ဖြစ်နေမှုက ငယ်ရွယ်သော၊ သို့မဟုတ် သားပေါက်မည့် ဆင်မများအပေါ် သက်ရောက်လာမည့် နောက်ထပ်ဖိအားမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေသည်ဟုလည်း ၎င်းကဆိုသည်။ ဆင်သားရေမှာ နောက်ဆုံးပေါ်တိရစ္ဆာန်ထွက်ကုန်တစ်ခုဖြစ်ပြီး လူတချို့က ဆေးဘက်ဝင်သည့်အရာအဖြစ် အမွှမ်းတင် ပြောဆိုနေကြသည်။ သို့သော်လည်း ထိုသို့အမွှမ်းတင်မှုနှင့် ပတ်သက်ပြီး သိပ္ပံနည်းကျထောက်ခံမှုမရှိသေးပေ။

မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင် ၁,၄၀၀မှ ၂,၀၀၀ အထိရှိနိုင်ပြီး အရှေ့တောင်အာရှ၌ ထိုင်းပြီးလျှင် ဒုတိယအကောင်ရေအများဆုံး ရှိခြင်းဖြစ်သည်ဟု WWF က ခန့်မှန်းထားသည်။ သို့သော်လည်း မြန်မာနိုင်ငံမှာ တစ်နှစ်လျှင် ဒေါ်လာဘီလျံ ၂၀ ရှိသော ကမ္ဘာ့တောရိုင်းတိရစ္ဆာန်မှောင်ခိုရောင်းဝယ်မှု၏ အဓိကနေရာဖြစ်လာသဖြင့် ကောင်ရေပမာဏမှာ လျော့ကျနေပြီဖြစ်သည်။

မကြာသေးခင်နှစ်များအတွင်း ဆင်များကို သတ်ဖြတ်မှုမှာ ၁၀ ဆမြင့်တက်လာခဲ့ပြီး ထိုသို့ဖြစ်ရခြင်းမှာ ရိုးရာတိုင်းရင်းဆေးများတွင် အသုံးပြုသော ဆင်သားရေနှင့် ခန္ဒာကိုယ်အစိတ်အပိုင်းများ၏ ဝယ်လိုအား မြင့်မားလာမှုကြောင့်ဖြစ်ကြောင်း မြန်မာအစိုးရက ဇန်နဝါရီလတွင် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကျော်ကြားသော ကျိုက်ထီးရိုးဘုရားအနီးရှိ တောရိုင်းတိရစ္ဆာန်ဈေးကွက်တစ်ခု၌ တစ်စတုရန်းလက်မလျှင် အမေရိကန်ဒေါ်လာ အနည်းငယ်တန်ကြေးဖြင့် ဆင်သားရေရောင်းချနေမှုများကို အေအက်ဖ်ပီသတင်းထောက်များက ယခုနှစ်အစောပိုင်းတွင် တွေ့မြင်ခဲ့သည်။ ဆင်သွားများက အသားအရေ ဖြူစင်ချောမွေ့စေပြီး ဆင်သားရေကို ပြာချပြီး အုန်းဆီနှင့်ရောလိမ်းပါက နှင်းခူနာပျောက်ကင်းကြောင်း ရောင်းချသူများက အာမခံဖြင့် ရောင်းချနေကြသည်။

သို့သော်လည်း ဆင်များမှ ထွက်ကုန်အများစုမှာ အိမ်နီးချင်းတရုတ်ဈေးကွက်သို့သာ အရောက်များနေသည်။ ကုန်သွယ်မှုအများအများအား ဥပဒေစိုးမိုးမှုမရှိသည့် နိုင်ငံ၏အရှေ့ဖျားပိုင်းတွင် ပြုလုပ်လျက်ရှိပြီး ၎င်းအရှေ့ဖျားပိုင်းကို ခေတ်မီသည့် ဒုစရိုက်ကွန်ရက်တစ်ခုက ထိန်းချုပ်ထားသလို ၎င်းတို့အား တရုတ်နိုင်ငံရှိ အင်အားကြီးမားသည့် လူဆိုးများက လက်နက်နှင့် ငွေကြေးထောက်ပံ့နေသည်ဟု ယူဆရသည်။

“ဒါဟာ စနစ်တကျပေါင်းစည်းပြုလုပ်တဲ့ ရာဇဝတ်မှုပါ။ ဒါကြောင့် အဲဒီလိုရာဇဝတ်ဂိုဏ်းတွေကို ကိုင်တွယ်နေပါတယ်”ဟု ဆင်းက ပြောသည်။

ထို့အပြင်ဆင်များခိုး၍သတ်ဖြတ်မှုကို နှိမ်နင်းရန် ဒေသခံလူ့အသိုင်းအဝိုင်း၊ အစိုးရတို့နှင့် WWF က လက်တွဲ ဆောင်ရွက်နေသည်ဟု ၎င်းက ထပ်မံပြောကြားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar