လွန်ခဲ့သည့်နှစ်လခန့်က ဘင်္ဂလားဒေရှ့်နိုင်ငံဘက်တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာစစ်သားတစ်ဦးကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဘင်္ဂလားဒေရှ့်က ပြောကြားသည်။
အဆိုပါစစ်သားသည် မြန်မာနိုင်ငံတစ်ဖက်ခြမ်း ဘင်္ဂလားဒေရှ့်နိုင်ငံထဲရှိ သစ်တောထဲတွင် လှည့်လည်သွားလာနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အသက် ၃၀ နှစ်ရှိပြီဖြစ်သည့် အောင်ဘိုဘိုသိန်းကို ဘင်္ဂလားဒေရှ့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံတောင်ပိုင်းရှိ Naikhongchhari မြို့အနီးတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
“သူက နယ်စပ်ကို ဖြတ်ကျော်လာပြီးနောက် သစ်တောထဲမှာ သူ့ကို တွေ့ရှိခဲ့ပါတယ်။ ဒီနေ့ အလံတင်အစည်းအဝေးမှာ သူ့ကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ထံ ကျွန်တော်တို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် Sajedur Rahman က အေအက်ဖ်ပီကို မတ် ၃ ရက်နေ့က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်းမရှိပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် အေအေတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ သေဆုံးမှုများလည်း ရှိနေကာ ဒေသခံထောင်နှင့်ချီပြီး အိုးအိမ်များစွန့်ခွာထွက်ပြေးနေကြရသည်။