မြန်မာစစ်တပ်အား ဘဏ္ဍာရေးအဆက်အသွယ်မလုပ်ကြရန် ကုလကျွမ်းကျင်သူများ တိုက်တွန်း

အေအက်ဖ်ပီ

မြန်မာစစ်တပ်မှ တပ်မှူးများကို ဘဏ္ဍာရေးအဆက်အသွယ်ဖြတ်တောက်သင့်ပြီး လူနည်းစု ရိုဟင်ဂျာများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတို့ဖြင့် တရားခွင်တင်သင့်ကြောင်း ကုသမဂ္ဂစစ်ဆေးရေးမှူးများက မေ ၁၄ ရက်နေ့တွင် ပြောကြားသည်။

မြန်မာစစ်တပ်နှင့် ဘဏ္ဍာရေးဖြတ်တောက်ရန်နှင့် အခြားထောက်ပံ့မှုအားလုံးဖြတ်တောက်ပစ်ရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံသည် ယခုအချိန်အထိ ဆိုးဝါးသည့် လူ့အခွင့်အရေးအခြေအနေကို မဖြေရှင်သေးသဖြင့် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နိုင်ငံများသို့ ၁ဝ ရက်ကြာ သွားရောက်သည့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အကြီးအကဲ မာဇူးကီဒါရပ်စ်မဲန်က ပြောသည်။

“အကျပ်အတည်းကို ဖြေရှင်းမယ့် လှုပ်ရှားမှုမရှိသေးပါဘူး” ဟု ကြေညာချက်တစ်ခုတွင် ဒါရပ်စ်မဲန်က ပြောကြားသည်။ “အခြေအနေကတော့ လုံးဝကို ရပ်တန့်နေတာပါ” ဟုလည်း ၎င်းက ဆိုသည်။ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လက မြန်မာစစ်တပ်၏ နှိမ်နင်းမှုကြောင့် ရိုဟင်ဂျာ ၇၄ဝ,ဝဝဝ ခန့်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားခဲ့ပြီး ၃ဝဝ,ဝဝဝ ခန့်မှာ စခန်းများရှိ တဲများတွင် နေထိုင်နေကြရသည်။

ကျေးရွာများတွင် မုဒိမ်းကျင့် သတ်ဖြတ်မှု မြောက်မြားစွာဖြစ်ပေါ်ခဲ့သည်ဟု ထွက်ပြေးခဲ့သည့် ရိုဟင်ဂျာအများအပြားက ပြောကြားသည်။ လူမျိုးတုံးသတ်ဖြတ်မှုဟု ယုံကြည်ရန် ယုတ္တိတန်သော မြေပြင်အခြေအနေများရှိနေခဲ့သည်ဟု ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ဝေခဲ့သည့် အစီရင်ခံစာတစ်ခုတွင် အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြောကြားထားသည်။ စစ်တပ်နှင့် မြန်မာအစိုးရတို့က အချက်အလက်များကို အစဉ်တစိုက်ငြင်းဆိုခဲ့ပြီး နိုင်ငံတကာဥပဒေအရ ပြစ်မှုများ ကျူးလွန်ခြင်းအတွက် မည်သည့်တာဝန်မျှမရှိဟုလည်း နှစ်ဖက်စလုံးပြောကြားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက မေ ၁၄ ရက်နေ့တွင် စိတ်ပျက်လက်ပျက်ပြောကြားခဲ့ကြသည်။

“ဒီအကြမ်းဖက်မှုဖြစ်ပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေဟာ လူမရှိတော့တဲ့ ရိုဟင်ဂျာရွာတွေကို ဘူဒိုဇာတွေနဲ့ ပြောင်တလင်းခါအောင် ဖျက်ဆီးပြီး ပြစ်မှုကျူးလွန်တဲ့ အထောက်အထားတွေကို ထိထိရောက်ရောက်ဖျက်ဆီးခဲ့ပါတယ်။ အကျပ်အတည်းကို မီးထိုးပေးတဲ့ လူမျိုးရေးမုန်းတီးမှုကို ဖြေရှင်းရာမှာလည်း သိသာတဲ့ တိုးတက်မှုတွေမရှိသေးပါဘူး” ဟု ၎င်းတို့ကပြောကြားသည်။

ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်သည့် မြန်မာနိုင်ငံထဲသို့ ဝင်ခွင့်မရခဲ့ပေ။ သို့သော်လည်း ၎င်းတို့က ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်စဉ်ကာလအတွင်း ချင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်လူမျိုးစုများ၏ အဝေးရောက်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

“နိုင်ငံနယ်နိမိတ်ထဲက အခြားတိုင်းရင်းသားတွေအပေါ်မှာလည်း မြန်မာစစ်တပ်က အလားတူရက်စက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး ကျွန်တော်တို့ရဲ့ တွေ့ရှိထားချက်တွေဟာ တိုင်းရင်းအသိုင်းအဝိုင်းအမျိုးမျိုးနှင့် တွေဆုံခဲ့ပြီးတဲ့အချိန်မှာ ထင်ရှားလာခဲ့ပါတယ်” ဟု ကျွမ်းကျင်သူ ရက်ဟီကကူးမာရာဆွာမိက ကြေညာချက်တွင် ပြောကြားသည်။

မြန်မာအစိုးရက ဒုက္ခသည်များ ချောမောစွာပြန်လည်ရောက်ရှိရေး၊ သို့မဟုတ် အကျပ်အတည်းကိုဖြေရှင်းရန် ရိုးသားစွာ လုပ်ဆောင်နေသည်ဆိုသည့် အထောက်အထား ယခုအချိန်အထိ စုံစမ်းစစ်ဆေးရေးမှူးများက မတွေ့ရသေးကြောင်း မစ်ရှင်၏ နောက်ထပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ခရစ္စတိုဖာဆီဒိုတီက ပြောသည်။

နိုင်ငံတကာ ဖိအားတိုးမြင့်ပေးရန် အခြေအနေက တောင်းဆိုနေကြောင်းလည်း ၎င်းကပြောသည်။ “အတိတ်ရဲ့ ဖိစီးမှုအပြင် ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဘယ်သူ့ကို ပစ်မှတ်ထားမယ်၊ ဘာကိုပစ်မှတ်ထားမယ်ဆိုတာ ဖော်ထုတ်ဖို့ စစ်တပ်နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဆက်ဆံမှုတွေကို ဂရုစိုက်ရမှာဖြစ်ပါတယ်။ ဒါမှကျွန်တော်တို့က ဖိအားတိုးမြင့်ပြီး အကြမ်းဖက်မှုလျှော့ချရေး နည်းလမ်းတစ်ခုအဖြစ် ငွေကြေးပံ့ပိုးမှုကို ဖြတ်တောက်နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အချက်အလက်ရှာဖွေရေးမစ်ရှင်သည် လာမည့်စက်တင်ဘာတွင် ဂျီနီဗာရှိ ကုလလူ့အခွင့်အရေးကောင်စီသို့ ၎င်းတို့၏ နောက်ဆုံးအစီရင်ခံစာကို တင်ပြရန် စီစဉ်ထားပြီး ပြစ်မှုဆိုင်ရာ တရားစွဲဆိုရန်ပြင်ဆင်သည့်အဖွဲ့သို့ ၎င်းတို့၏ တွေ့ရှိချက်များကို လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar