မြန်မာစစ်တပ်က ရခိုင်တွင် ‘စစ်ရာဇဝတ်မှု’ အသစ်များ ကျူးလွန်နေဟု AI က စွတ်စွဲ

အေအက်ဖ်ပီ

မြန်မာစစ်တပ်သည် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် ညှင်းပန်းနှိပ်စက်ခြင်း၊ ဥပဒေဘောင်ပြင်ပမှ သတ်ဖြတ်ခြင်းကဲ့သို့သော စစ်ရာဇဝတ်မှုအသစ်များကို ကျူးလွန်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) Amnesty International က မေ ၂၉ ရက်နေ့တွင် စွပ်စွဲလိုက်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပိုမိုရရှိရေးအတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသား ရခိုင် ဗုဒ္ဓဘာသာဝင် အေအေအဖွဲ့ကို တိုက်ခိုက်ရန် မြန်မာစစ်တပ်က ရခိုင်မြောက်ပိုင်းတွင် တပ်အင်အား ထောင်ပေါင်းများစွာကို မကြာသေးမီက ဖြန့်ချထားပြီး အမြောက်ကြီးများကိုပါ အသုံးပြုခဲ့သည်။ ၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာမူဆလင်များကို သွေးထွက်သံယို စစ်တပ်က နှိမ်နင်းခဲ့သည်မှာလည်း ဤရခိုင်ပြည်နယ်မှာပင် ဖြစ်သည်။

ရိုဟင်ဂျာ ၇၄ဝ,ဝဝဝ ကို ဘင်္ဂလားဒေ့ရှ်သို့ အကြမ်းဖက်မောင်းထုတ်ခဲ့သော လုပ်ရပ်ကြောင့် မြန်မာ့ထိပ်တန်း ဗိုလ်ချုပ်ကြီးများကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲထိုက်သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ဆိုသည်။

ယခုအခါ မြန်မာစစ်တပ်သည် တိုင်းရင်းသားရခိုင်များအား ဥပဒေဘောင်ပြင်ပမှ ကွပ်မျက်ခြင်း၊ စိတ်ထင်သလို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် အင်အားသုံး၍ လက်စဖျောက်ခြင်းစသော လူ့အခွင့်အရေးချိုးဖောက်မှုအသစ်များ ကျူးလွန်နေသည့် အထောက်အထားသစ်များ ရရှိထားသည်ဟု AI က မေ ၂၉ ရက်နေ့က ပြောကြားသည်။

ပဋိပက္ခတိုက်ပွဲဖြစ်နေသောဒေသသို့ မဝင်နိုင်အောင် အကြီးအကျယ် ကန့်သတ်ပိတ်ဆို့ထားသော်လည်း အရပ်သားများ သေဆုံးနေရကြောင်း မကြာသေးမီက သတင်းများထွက်ပေါ်လာခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ကျောက်တန်းကျေးရွာတွင် ဖမ်းဆီးထိမ်းသိမ်းထားသူ ၆ ဦးကို ပစ်သတ်မိခဲ့ကြောင်း စစ်တပ်က အတည်ပြုခဲ့သည်။

ယခုအစီရင်ခံစာမှာ တိုင်းရင်းသားအမျိုးမျိုးမှလူများနှင့် တွေ့ဆုံမေးမြန်းချက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုများနှင့် ဂြိုလ်တုပုံရိပ်များအပေါ် အခြေခံထားခြင်းဖြစ်သည်။ ဥပဒေပြင်ပမှ တိုက်ခိုက်မှု ၇ ခုတွင် အရပ်သား ၁၄ ယောက်သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာအနာတရဖြစ်ခဲ့ကြကြောင်း၊ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ခြေမြန်တပ်ရင်းများကို ချထား၍ ရခိုင်သူပုန်များကို တိုက်စေခဲ့ကြောင်း အစီရင်ခံစာတွင်ပါရှိသည်။

ထိုဒေသမှာပင် ဆက်လက်နေထိုင်လျက်ရှိသော ရိုဟင်ဂျာမူဆလင်အချို့လည်း အသတ်ခံခဲ့ကြရသည်ဟု ဆိုသည်။

“ရခိုင်ပြည်နယ်က စစ်ဆင်ရေးအသစ်တွေဟာ နောင်တတရား မရသော၊ ပြုပြင်ပြောင်းလဲမှုမရှိသော၊ တာဝန်မဲ့သော စစ်တပ်က အရပ်သားတွေအပေါ် အကြမ်းဖက်လုပ်ဆောင်နေပုံကို ဖော်ပြနေပါတယ်” ဟု AI ၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Nicholas Bequelin က ပြောသည်။

ဤအစီရင်ခံစာနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် မြန်မာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်နှင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။ မြန်မာအစိုးရက ရေငုံနှုတ်ပိတ်နေပြီး ဆေးဝါး၊ အစားအစာနှင့် လူသားချင်းစာနာရေးအကူအညီများကိုလည်း အစိုးရအာဏာပိုင်များက ပိတ်ဆို့ထားသဖြင့် လူ့အခွင့်အရေးအုပ်စုများက အစိုးရကိုဝေဖန်နေကြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ရဲစခန်းများကို အေအေတို့ ဝင်ရောက် တိုက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသည် အေအေအား ချေမှုန်းရန် စစ်တပ်ကို အမိန့်ပေးခဲ့ခြင်းသည် တစ်ခါမှ မကြုံဖူး၊ မလုပ်ဖူးသော လုပ်ရပ်ဖြစ်သည်။

အဓိက ရာဇဝတ်မှုကျူးလွန်နေသူမှာ စစ်တပ်ဖြစ်သော်လည်း အေအေတို့ကလည်း အရပ်သားများအပေါ် ကျူးလွန်မှုများ လုပ်ဆောင်ခဲ့ကြသည်။ ကျည်ဆံများပါသော စာအိတ်များကို ကျေးရွာ၊ မြို့နယ်အုပ်ချုပ်ရေးအရာရှိများနှင့် စီးပွားရေးလုပ်ကိုင်နေသူများထံ အေအေအဖွဲ့က ပေးပို့ခဲ့ကြသည်ဟု AI အဖွဲ့က စွတ်စွဲထားသည်။

အေအေ၏ ပြောခွင့်ရ ခိုင်သုခက “ဒါဟာ မဟုတ်ဘူးဆိုတာ ကျွန်တော် အခိုင်အမာပြောနိုင်ပါတယ်” ဟု AFP ကို တယ်လီဖုန်းကတစ်ဆင့် ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar