မြစ်ဆုံဆည် စီမံကိန်း ပြန်လည်စတင်နိုင်ရန် တရုတ်တို့ စတင်ကြိုးပမ်း

ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် စီမံကိန်းသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့်အဖွဲ့က သွားရောက်လေ့လာခဲ့ကြသလို ကချင်ပြည်နယ်အစိုးရနှင့် တွေ့ဆုံကာ စီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းများတွင် ရေးသားထားရာ စီမံကိန်း ပြန်လည် စတင်နိုင်ရန် တရုတ်တို့က စတင် ကြိုးစားလာခြင်းဖြစ်သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းအား အကောင်အထည်ဖော် တည်ဆောက်မည့် CPI ကုမ္ပဏီအား အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် SPIC ကုမ္ပဏီအနေဖြင့် စီမံကိန်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့သစ် တက်လာလ ျှင် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်လိုပြီး ဖြစ်နိုင်ပါက စီမံကိန်းကို ပြန်လည်လုပ်ကိုင်လိုသည်ဟု ပြီးခဲ့သည့် မတ်လအတွင်းက ပြောကြားထားခဲ့ဖူးသည်။

ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည့် တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် အဖွဲ့သည် ဇွန် ၃ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းသို့ သွားရောက်လေ့လာခဲ့ကြသည်ဟု တရုတ်ဆင်ဟွာ သတင်းဌာနက ရေးသားထားသည်။ သံအမတ်ကြီးသည် SPIC ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စီမံကိန်းနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံသည့် မြစ်ဆုံဧရိယာအပြင် စီမံကိန်းကြောင့် ပြောင်းရွှေ့ နေရာချထားပေးထားသည့် အောင်မြင်သာ စံပြ ကျေးရွာသို့သွားရောက်လေ့လာခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တရုတ်သံအမတ်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သံအမတ်ကြီးသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တောခက်အောင်နှင့် အစိုးရအဖွဲ့ဝင်များအား တွေ့ဆုံစဉ် စီမံကိန်းကို ပြန်လည်စတင်လိုသည်ဟု ပြောကြားခဲ့ကြောင်း RFA မြန်မာပိုင်းသတင်းဌာနက ရေးသားထားသည်။

“သူတို့ကစချင်တာပေါ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ သူတို့ကလူထု သဘောတူ မတူ ရတယ်မဟုတ်ဘူးလား ပြောတယ်ပေါ့လေ။ သူတို့က၊ သူတို့ဆီမှာလည်း လူထုရဲ့သဘောထားတွေ သူတို့ဆီမှာရှိပါတယ်၊ ဘာညာတွေလည်း ပြောတာတွေလည်းရှိတယ်ပေါ့။ ကျနော်တို့ လူထုသဘောထားနဲ့ ဆုံးဖြတ်မှာပါလို့။ ကျနော်တို့လည်းပြောတာပေါ့။ ဒီမိုကရေစီ နိုင်ငံပဲလို့။ကျနော်တို့အစိုးရလည်း အဲ့ဒါနဲ့ပတ်သက်ပြီးမှ သေချာသူတို့လေ့လာပြီးမှ အဖြေပေးရမယ့်အပိုင်းရှိပါတယ်။ လူထုကိုလည်း ချပြမယ့်အပိုင်းရှိပါတယ်” ဟု ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် က RFA ကို ပြောကြားခဲ့သည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့တွင် သံအမတ်ကြီးနှင့်အဖွဲ့ တည်းခိုသည့် Palm Spring ဟိုတယ်ရှေ့တွင် ဒေသခံများက မြစ်ဆုံဆည်ကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ဇွန် ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ခန့် တန်ဖိုးရှိသည့် အဆိုပါစီမံကိန်းကို မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံမှ အေးရှားဝေါလ်က ငါးရာခိုင်နှုန်းနှင့် တရုတ် CPI ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ထည့်ဝင်လုပ်ကိုင်မည်ဖြစ်သည်။ စက်ရုံမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁,၆၀၀ ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

ယခင် စစ်အစိုးရလက်ထက်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် အဆိုပါစီမံကိန်းကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန်က ၎င်း၏ အစိုးရလက်ထက်တွင် အကောင်အထည်မဖော်ရန် သမ္မတအမိန့်ဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် ယာယီဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

“တရုတ် CPI ကုမ္ပဏီကို ဆက်ခံတဲ့ လက်ရှိ SPIC ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူဇန်ရဲ့ ပြောကြားချက်အရ စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ အချိန်အထိ မြစ်ဆုံရေကာတာ စီမံကိန်း တစ်ခုတည်းအတွက်ကိုပဲ တရုတ် ရင်မင်ဘီ ၄ ဒသမ ၇ ဘီလျံနဲ့ ညီမျှတဲ့ ဒေါ်လာ သန်း ၈၀၀ ကျော် အသုံးပြုထားပြီးပြီလို့ ဆိုပါတယ်။ ဒီငွေတွေကို ဘဏ်တွေကနေ ချေးယူ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် စီမံကိန်း ရပ်ဆိုင်းထားရတဲ့ ယနေ့တိုင် အတိုးငွေတွေ ပေးချေနေရဆဲလို့ ဆိုပါတယ်။ ဒီငွေကြေးပမာဏဟာ အလွန်များလွန်းတဲ့အတွက် တရုတ် အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်း ပြဿနာကို ဂရုစိုက်နေရတာလို့ ဆိုပါတယ်” ဟု ဆောင်းပါးရှင် စည်သူအောင်မြင့်၏ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။

ပြီးခဲ့သည့်ဧပြီလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီကမူ နှစ်နိုင်ငံခြား ရင်းနှီးမြှတ်နှံမှုအပါအဝင် ပြဿနာများကို ရင်းနှီးချစ်ကြည်မှုဖြင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြှတ်နှံထားသည့် လက်ပံတောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှာလည်း ပြည်သူများ၏ ကန့်ကွက်မှုနှင့် ကြုံတွေ့နေရသည်။

သတင်း- Frontier

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar