မြစ်ကြီးနားတွင် NLD ကိုယ်စားလှယ်လောင်း အနိုင်ရနိုင်ဖွယ်ရှိ

ဟိန်းကိုစိုး

ပေါင်းစည်းရန်အတွက် ယခုနှစ်အစောပိုင်းက သဘောတူညီလိုက်ကြသည့် ကချင်တိုင်းရင်းသားပါတီများအနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အား ယှဉ်ပြိုင်ရမည့် ပထမဆုံး အခွင့်အရေးကို ကြားဖြတ် ရွေးကောက်ပွဲ၌ ရရှိတော့မည်ဖြစ်သည်။ သို့သော် မဲဆန္ဒနယ်မြေအတွင်းရှိ လူဦးရေ အချိုးအစား အနေအထားအရ NLD ကသာ အသာရနိုင်ဖွယ်ရှိနေသည်။

နိုဝင်ဘာ ၃ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်၏ ကချင်-၂ မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ခြောက်ဦး ယှဉ်ပြိုင်မည်ဖြစ်သည်။ သို့သော် NLD နှင့် ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ကိုယ်စားလှယ်လောင်းများက အသာရနေမည်ဟု ခန့်မှန်းရသည်။

ကချင်ပါတီ သုံးပါတီအား တစ်ခုတည်းသောပါတီအဖြစ် ပေါင်းစည်းရန် ပြီးခဲ့သည့်သြဂုတ်လအတွင်းက သဘောတူညီခဲ့ကြသည်။ သို့သော် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် ပါတီသစ်ကို အချိန်မီ မှတ်ပုံတင်နိုင်ခြင်းမရှိခဲ့ကြပေ။ ထို့ကြောင့် KDP ကိုယ်စားလှယ်လောင်းက အခြားပါတီများ၏ ကျော်ထောက်နောက်ခံပေးမှုဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

KDP ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက အနိုင်ရန် များစွာယုံကြည်ထားခြင်း မရှိဟု ပြောကြားသည်။ မဲဆန္ဒနယ်အတွင်းရှိ မြစ်ကြီးနားမြို့မှ မဲပေးခွင့်ရှိသူ ၄၀ ရာခိုင်နှုန်းသာ ကချင်လူမျိုးများဖြစ်သည်ဟု ဆိုသည်။

“အရင်ကထက်တော့ အင်အားတောင့်တင်းလာပါပြီ။ အဲဒါကလဲ ကျွန်တော်တို့အတွက် အခွင့်အရေး ပိုရစေမှာပါ။ ဒါပေမယ့် နိုင်မယ်လို့တော့ သေချာပေါက် မပြောနိုင်ဘူး” ဟု ၎င်းကပြောသည်။

NLD ၏ မဲဆွယ်စည်းရုံးမှုများမှာမူ ပိုပြီး ထင်သာမြင်သာရှိကာ တက်ကြွနေသည်။ ၎င်းတို့၏ ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါ်ယမ်ခေါန်အား အားပေးရန်အတွက် အနီးနားဒေသများဖြစ်သော ဖားကန့်၊ ရွှေကူ၊ မိုးညှင်းနှင့် မိုးကောင်းမြို့နယ်များမှ ပါတီဝင်များအား ခေါ်ယူထားသည်။

ရွေးကောက်ပွဲအပြီး မဲများရေတွက်ပြီးချိန်တွင် NLD သာ အနိုင်ရလိ့မ်မည်ဟု ယုံကြည်ထားကြောင်း ဒေါ်ယမ်ခေါန်က ပြောသည်။

“ကချင်တိုင်းရင်းသားတွေရဲ့ မဲအများအပြားကိုလည်း NLD ရလိမ့်မယ်လို့ ကျွန်မထင်တယ်” ဟု ၎င်းကပြောသည်။ “လူဦးရေစာရင်းကိုကြည့်ရင် အနိုင်ရဖို့ NLD က အကောင်းဆုံး အခွင့်အရေး ရထားတယ်” ဟု ၎င်းကပြောသည်။

ကိုယ်စားလှယ်လောင်းများက Frontier ကို ပြသခဲ့သည့် ပြည်သူ့အင်အားဦးစီးဌာန စာရင်းများအရ မဲပေးနိုင်သူ ၄၀ ရာခိုင်နှုန်းမှာ ဗမာနှင့် ရှမ်းများဖြစ်ပြီး ကျန်သူများမှာ တရုတ်၊ မူဆလင်နှင့် အခြားလူနည်းစုများ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD က မဲအားလုံး၏ ၄၆ ဒသမ ၆၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး ကျန်ကချင်ပါတီ လေးပါတီပေါင်းမှာ ၃၀ ဒသမ ၈၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

ထိရှလွယ်သည့် မြစ်ဆုံဆည်စီမံကိန်းအပါအဝင် ကိစ္စရပ်များတွင် အစိုးရ၏ ကိုင်တွယ်ပုံနှင့် ပတ်သက်ပြီး NLD အပေါ် ကချင်လူမျိုးများ၏ အမြင်ကြောင့်လည်း KDP ကိုယ်စားလှယ်အတွက် အကျိုးရှိစေနိုင်သည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလတွင် သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အစိုးရက ရပ်တန့်လိုက်ပြီးကတည်းက တရုတ်နိုင်ငံက ပံ့ပိုးပေးထားသည့် ထိုစီမံကိန်း၏ အနာဂတ်မှာ မသေချာ၊ မရေရာဖြစ်နေသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် KDP ကိုယ်စားပြုကာ ဆွမ်ပရာဘွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ခဲ့သည့် ဦးကွမ်ဂေါင်အောင်ခမ်းက ၎င်း၏ မဲဆွယ်မှုများ ပြုလုပ်ချိန်က ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ မူးယစ်ဆေးကိစ္စများနှင့်အတူ မြစ်ဆုံကိစ္စကလည်း အဓိကအဖြစ် ပါဝင်နေသည်ဟု ဆိုသည်။

“မဲဆွယ်တုန်းက မဲဆန္ဒရှင်တွေက ကျွန်တော့ကို ပြောကြတယ်။ သူတို့အတွက် အဓိကကိစ္စက ငြိမ်းချမ်းရေးပြီးရင် မြစ်ဆုံပဲ” ဟု ၎င်းက Frontier ကို ပြောသည်။ မြစ်ဆုံက ကြီးမားသည့် ကိစ္စကြီးုဖြစ်သော်လည်း ကချင်ပြည်နယ်မှ လက်ရှိကိုယ်စားလှယ်များက တစ်စုံတစ်ရာ ဆောင်ရွက်မှုမရှိဟု ၎င်းကပြောသည်။ ထို့ကြောင့် ပြည်သူများက ၎င်းတို့၏ ကိုယ်စားလှယ်များကို စိတ်အနှောင့်အယှက် ဖြစ်နေကြသည်ဟု ဆိုသည်။

“ကျွန်တော်မြစ်ဆုံကို အမြဲဆန့်ကျင်သွားမယ်လို့ ကတိပေးထားတယ်။ ဘယ်တော့မှ ထောက်ခံမှာ မဟုတ်ဘူး။ ကျွန်တော်နိုင်သွားရန် စီမံကိန်းရပ်သွားဖို့ လွှတ်တော်ထဲကနေ လုပ်သွားမယ်။ မဲရှုံးရင်လဲ အမြဲဆန့်ကျင့်သွားမှာပဲ” ဟု ၎င်းကပြောသည်။

ဒေါ်ယမ်ခေါန်က မြစ်ဆုံမှာ အရေးကြီးသည့် ကိစ္စဖြစ်သည်ကို သဘောတူသော်လည်း ဖြေရှင်းနိုင်ရေးအတွက် NLD အစိုးရက ဆောင်ရွက်နေသည်ဟု ပြောကြားသည်။

“ရွေးကောက်ပွဲ ဘယ်သူပဲနိုင်နိုင်၊ ဘယ်သူမှ ကိုယ်တိုင် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက ပြည်ထောင်စုအစိုးရနဲ့ နှစ်နိုင်ငံဆက်ဆံရေးတွေနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ဒါကြောင့် ကျွန်မ မဲဆွယ်တိုင်း မြစ်ဆုံနဲ့ပတ်သက်ပြီး ဘယ်တော့မှ ကတိမပေးဘူး” ဟု ၎င်းကပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ ထိုမဲဆန္ဒနယ်တွင် မဲပေးနိုင်သူ ၁၈၂,၇၀၅ ဦးရှိသည်။ ၂၀၁၅ ခုနှစ်က ၁၇၈,၅၇၉ ဦးသာ ရှိခဲ့သည်။

ထိုမဲဆန္ဒနယ်မှာ မြစ်ကြီးနားမြို့လယ်မှ ကချင်လွတ်မြောက်ရေးတပ် (ကေအိုင်အေ) က ထိန်းချုပ်ထားသည့် ကျေးရွာများအထိ ကီလိုမီတာ ၂၀၀ ကျော် ရှည်လျားသည်။

ကေအိုင်အေက ထိန်းချုပ်ထားသည့် ကျေးရွာများတွင် မဲပေးနိုင်သူ စုစုပေါင်း ၁၂၀ ဦးရှိပြီး ထိုရွာများ၌ မဲဆွယ်စည်းရုံးမှု မလုပ်ကြရန် ကိုယ်စားလှယ်လောင်းများကို ကော်မရှင်က သတိပေးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar