မျိုးစောင့်ဥပဒေကြောင့် ဘယ်သူတွေ ဒုက္ခရောက်နေကြပြီလဲ

မိန်းမ သုံးလေးယောက် ယူတတ်တဲ့ ဘာသာခြား အစ္စလာမ် ဘာသာဝင်တွေကို အရေးယူဖို့ ရည်ရွယ်တာ၊ အခု ဗုဒ္ဓဘာသာဝင်တွေပဲ အဖမ်းခံရ၊ ဝရမ်းပြေး ဖြစ်နေရတာကို သဘောမကျဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

စည်သူအောင်မြင့်

အခုဆိုရင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ကြီးဟာ အမျိုးစောင့်ဥပဒေ အောင်နိုင်ရေး အထိမ်းအမှတ် အောင်ပွဲတွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပပြီးစီးသွားခဲ့ပါပြီ။ တစ်ပြိုင်နက်တည်းမှာပဲ မဘသ က တောင်းဆိုလို့ လွှတ်တော်က ပြဋ္ဌာန်းပေးပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြုပေးလိုက်တဲ့ မျိုးစောင့် ဥပဒေ လေးခုလည်း အသက်ဝင်နေပါပြီ။

အခုရက်ပိုင်း ခပ်စိပ်စိပ် ထွက်ပေါ်လာတဲ့ သတင်းတွေအရ အမျိုးစောင့်ဥပဒေ လေးခုထဲက တစ်ခုဖြစ်တဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ အရေးယူခံရမှုတွေ အတော်လေး များလာ ပါပြီ။ အောက်တိုဘာလ အလယ်အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေအရ အဲဒီအမှုနဲ့ ဖမ်းဆီး တရားစွဲထားတဲ့ အမှုပေါင်း ၂၀ ကျော်ရှိပြီလို့ သိရပါတယ်။ ဘယ်နေရာတွေမှာ အမှုတွေ ဖြစ်ပေါ်နေသလဲ၊ အမှုအသွားအလာ ဘယ်လိုရှိသလဲ၊ ဒီ ဥပဒေနဲ့ပတ်သက်ပြီး ရှေ့ ဘာဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

တစ်လင် တစ်မယားစနစ်နဲ့ ပထမဦးဆုံး အရေးယူခဲ့တဲ့ မကွေးတိုင်း ပြည်မြို့ ပေါင်းတလည် ရဲစခန်းအပိုင်မှာ ဖြစ်ပွားခဲ့တဲ့ အမှုက ခုလိုပါ။ ပေါင်းတလည် မြောင်းဆုံကျေးရွာ အုပ်စုမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ယောက်ဟာ လွန်ခဲ့တဲ့ သုံးနှစ်က တစ်ရပ်တည်းနေ လူငယ်တစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး တစ်နှစ်အရွယ် သမီး တစ်ယောက် ထွန်းကားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်မှာတော့ သူ့ခင်ပွန်းဟာ အလုပ်လုပ်ဖို့ အကြောင်းပြပြီး ခရီးထွက်သွားတာ ပြန်မလာတော့လို့ စုံစမ်းပါတယ်။ နောက်ပိုင်း သိရတာက ပြည်မြို့ဆံတော်ရပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသမီး တစ်ယောက်နဲ့ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက် ဇနီးဟောင်းဖြစ်သူက သူ့ရဲ့ ခင်ပွန်းကို အိမ်ထောင်ရှိရက်နဲ့ နောက်ထပ် အိမ်ထောင်ပြုလို့ဆိုပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ အောက်တိုဘာ ၂ ရက်က အမှုဖွင့်လိုက်တာပါ။ ဒီအတွက် ခင်ပွန်းဖြစ်သူဟာ ပေါင်းတလည် ရဲစခန်းမှာ အဖမ်းခံရပြီး ဥပဒေပါ ပြဋ္ဌာန်းချက်အရ အာမခံလည်း မရပါဘူး။ လက်ရှိ ရဲအချုပ်မှာ ထိန်းသိမ်းခံထားရတယ်လို့ စုံစမ်းသိရပါတယ်။

နောက်တစ်မှုကတော့ တာချီလိတ်မှာ ဖြစ်တာပါ။ လင်မယားနှစ်ယောက် စကားများကြပြီးနောက် မယားဖြစ်သူဟာ မိဘတွေအိမ်ကို ဆင်းသွားတာ နှစ်လလောက်ကြာတယ်လု့ိ ဆိုပါတယ်။ အဲဒီအချိန်မှာ ယောက်ျားလုပ်သူ က နေအိမ်မှာ တခြားအမျိုးသမီးတစ်ယောက်ကို ခေါ်တင်ထားပြီး ရပ်ကွက် အုပ်ချုပ်ရေးရုံးမှာ လက်ထပ် လက်မှတ်ထိုးဖို့ လုပ်လို့ သူ့ဇနီးက တိုင်တန်းတာပါ။ အဲဒီ လင်မယားမှာ သားတစ်ဦး၊ သမီးတစ်ဦး ရထားပြီးပါပြီ။ ဒီအမှုကိုလည်း တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ အရေးယူထားပြီး လင်ယောက်ျားကို ဖမ်းဆီး အရေးယူထားပါတယ်။ အာမခံ မပေးပါဘူး။

တတိယ အမှုကတော့ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်မှာ ဖြစ်ခဲ့တာပါ။ မိဘတွေရဲ့ သဘောတူညီချက်နဲ့ အတူပေါင်းသင်းနေကြရာကနေ ယောက်ျားလုပ်သူဟာ တစ်မြို့တည်းနေ အမျိုးသမီး တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်လို့ သတင်းစကား ကြားရတယ်လို့ ဆိုပါတယ်။ ဒါနဲ့ လိုက်လံ စုံစမ်းကြည့်ရာမှာ ဒဂုံဆိပ်ကမ်းမြို့နယ်ထဲက လမ်းဘေးချုံပုတ်ထဲမှာ ဖေါက်ပြန်နေကြတာကို တွေ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီအတွက် အဲဒီ ယောက်ျားကို အရေးယူပေးဖို့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ဒီအမှုတွေမှာ စွဲဆိုထားတဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ ရဲ့ ထူးခြားချက်ကတော့ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင် ခုနစ်နှစ်အထိ ချနိုင်တာ၊ အမှုဖွင့်ခံရပြီဆိုတာနဲ့ စွပ်စွဲခံရသူဟာ အာမခံ မရဘဲ အချုပ်ထဲ တန်းရောက်သွားတာ၊ ရဲ အရေးပိုင်တဲ့ အမှုဖြစ်တာကြောင့် သက်ဆိုင်ရာ ဇနီးမယား မဟုတ်ဘဲ တခြား ဘယ်သူတစ်စုံတစ်ယောက်မဆို တိုင်တန်းအမှုဖွင့်နိုင်တာပဲ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားတဲ့ အမှုတွေမှာတော့ တိုင်တန်းအမှုဖွင့်သူ အများစုဟာ သက်ဆိုင်သူ ဇနီးမယားတွေပဲ ဖြစ်နေပြီး အမှု တချို့မှာတော့ မိဘ၊ ဆွေမျိုးက အမှုဖွင့်တာမျိုးလည်း ရှိလာပါတယ်။ ဘယ်သူတိုင်သည်ပဲ ဖြစ်ဖြစ် လင်ယောက်ျားအများစု အချုပ်တွေထဲ ရောက်သွားကြပါပြီ။ အာမခံ မရပါဘူး။

တချို့တိုင်ကြားခံရသူတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ အမှုဖြစ်ပွားသူတွေထဲမှာ ဆင်းရဲသူ အသိုင်းအဝိုင်းက လူတွေ ပါသလို၊ ရန်ကုန် ဝင်ဒါမီယာလို နေရာမှာ နေတဲ့ လူချမ်းသာ အသိုင်းအဝိုင်းကလည်း ပါဝင်ပါတယ်။ တချို့လင်မယားတွေမှာ သားသမီးတွေ ကျန်ရစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ခဲ့တဲ့ တိုင်တန်းသူ ဇနီးရော၊ နောက် မိန်းမတွေရော၊ အချုပ်ထဲ ရောက်နေတဲ့ ယောက်ျားပါ မြန်မာပြည် တရားစီရင်ရေးစနစ်အရ အချိန်ကြာမြင့်တဲ့တိုင်အောင် တရားစီရင်တာကို ရင်ဆိုင်ကြရပါဦးမယ်။

တရားစီရင်ရေး အချိန်ကြာလာလေလေ တိုင်တဲ့ ဇနီးသည် အပါအဝင် နောက် မိန်းမရော၊ အချုပ်ထဲက လင်ယောက်ျားပါ ဒုက္ခများလေလေ ဖြစ်မှာပါပဲ။ တကယ်လို့ အပြစ်ဒဏ်ချမှတ်ခံရပြီ ဆိုရင်လည်း သုံးဦး သုံးဖက်စလုံးအပြင် အပြစ်မဲ့တဲ့ သားသမီးတွေအတွက်လည်း အကျိုးရှိဖွယ် မမြင်ရပါဘူး။ အဲဒီ သားသမီးတွေဟာ ကိစ္စအားလုံးအတွက် အမည်းစက်ထင် အရှက်ရကြရုံမက ဘဝ ရှေ့ရေးအတွက်လည်း ရုန်းကန်ကြရပါလိမ့်ဦးမယ်။

အခုလို မှုခင်းတွေ ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ မော်လမြိုင် ရဲကျောင်းဆရာတော် ဦးဝိမလဗုဒ္ဓိကတော့ မျိုးစောင့်ဥပဒေကြောင့် ယုန်ထောင် ကြောင်မိ ဖြစ်နေတယ်၊ ယုန်လိုချင်လို့ ထောင်တာ ကြောင်တွေချည်းပဲ မိနေတယ်၊ သတိထားကြဦးလို့ မိန့်ပါတယ်။

မဘသ ဆရာတော် ဆိုလိုတာကတော့ ဒီ ဥပဒေဟာ မိန်းမ သုံးလေးယောက် ယူတတ်တဲ့ ဘာသာခြား အစ္စလာမ် ဘာသာဝင်တွေကို အရေးယူဖို့ ရည်ရွယ်တာ၊ အခု ဗုဒ္ဓဘာသာဝင်တွေပဲ အဖမ်းခံရ၊ ဝရမ်းပြေး ဖြစ်နေရတာကို သဘောမကျဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်ထိ ဒီအမှုအခင်းတွေနဲ့ ပတ်သက်လို့ ကြားလူတွေက ဝင်တရားစွဲတာ သိပ် မများသေးပါဘူး။ ကြားလူတွေကပါ ဝင်ပြီး တိုင်တန်း၊ တရားစွဲတဲ့ အခြေအနေ ရောက်လာရင် မျိုးစောင့်ဥပဒေကြောင့် မြန်မာ့လူ့ဘောင်ထဲမှာ မမျှော်မှန်းနိုင်တဲ့ လူမှုရေးပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ 

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.